DVB Logo
Home
Lead Story
တိုင်းပြည်ငြိမ်းချမ်းလာရင် ကလေးစစ်သားက ဘာလုပ်ကြရတော့မှာလဲ - ဦးအောင်မြင့်
DVB
·
June 4, 2015
တိုင်းပြည်ငြိမ်းချမ်းလာရင် ကလေးစစ်သားက ဘာလုပ်ကြရတော့မှာလဲ - ဦးအောင်မြင့်
Donate to DVB

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) နဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (ယူဒဗလျူအက်စ်အေ) က တာဝန်ရှိသူတွေဟာ ပါတီဌာနချုပ် ပန်ဆန်းမှာ တွေ့ဆုံပြီး ကလေးစစ်သား အသုံးပြုမှု ရပ်စဲရေး နည်းလမ်းရှာဖွေဖို့ ဆွေးနွေးခဲ့ကြပါတယ်။

မေလ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ဆွေးနွေးပွဲမှာ ယူဒဗလျူအက်စ်အေ ဗဟိုကော်မတီဝင်တွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေက တပ်မှူးတွေ တက်ရောက်ပြီး ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး နည်းပညာပိုင်းဆိုင်ရာကိစ္စတွေ၊ အခြေခံလူမှုရေး ၀န်ဆောင်မှုတွေကို အသုံးပြုခွင့် အားနည်းရခြင်း အကြောင်းရင်းနဲ့ ပဋိပက္ခဖြစ်ပွားခြင်း၊ လူကုန်ကူးမှုနဲ့ ကလေးလုပ်သား အသုံးပြုခြင်း စတဲ့ ခေါင်းစဉ်ပါ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ယူနီဆက်ဖ်က ထုတ်ပြန်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ပြောခွင့်ရသူ ဦးအောင်မြင့်က ဒီဆွေးနွေးပွဲဟာ အပြုသဘောဆောင်ပြီး ပါတီဘက်က ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

သမိုင်းကြောင်းအရ ဗမာပြည်ကွန်မြူနစ်ပါတီ လက်ထက်ကစလို့ တိုက်ပွဲတွေမှာ ကျဆုံးတဲ့ ရဲဘော်တွေရဲ့ သားသမီးတွေကို တပ်ထဲမှာ စားဝတ်နေရေး ပြုစုပျိုးထောင်ပေးပုံတွေ ရှင်းပြခဲ့ပြီး ကလေးတွေ ပြုစုပျိုးထောင်တဲ့ ကျောင်းတွေမှာ လိုက်လံပြသခဲ့တယ်လို့ သူကပြောပါတယ်။

တပ်ထဲမှာ ထားရှိခြင်းဟာ ယူနီဆက်ဖ်ရဲ့ သတ်မှတ်ချက်နဲ့ မကိုက်ညီဘူးဆိုတာ သိပေမယ့် တဖြည်းဖြည်းချင်းတော့ ပြောင်းလဲမယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

ယူနီဆက်ဖ်အဖွဲ့ဟာ ကနဦးပိုင်းတုန်းက ဒီဒေသမှာ ကျန်းမာရေး၊ အာဟာရနဲ့ ပညာရေးပိုင်းဆိုင်ရာ ကိစ္စတွေမှာ ဆောင်ရွက်ခဲ့ကြပြီး ပန်ဆန်းဆွေးနွေးပွဲဟာ ပူးပေါင်းဆောင်ရွက်မှု ဧရိယာကို တိုးချဲ့နိုင်ဖို့ ပထမခြေလှမ်းဖြစ်တယ်လို့ ယူနီဆက်ဖ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယူနီဆက်ဖ်အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Bertrand Bainvel က ဒီညှိနှိုင်းဆွေးနွေးပွဲကို ‘လက်နက်ကိုင်ပဋိပက္ခဒဏ်ခံရတဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးကို ဘယ်လိုကာကွယ်မလဲ အပါအ၀င် ၀ဒေသအာဏာပိုင်တွေနဲ့ ယူနီဆက်ဖ်အကြား နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဦးတည်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ အဆင့်အဖြစ် ကြိုဆိုကြောင်း’ ထုတ်ပြန်ပါတယ်။

ယူနီဆက်ဖ်အဖွဲ့ ကိုယ်စားလှယ်တွေ လာရောက်ဆွေးနွေးတဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ ၀ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ ယူဒဗလျူအက်စ်အေက ပြောခွင့်ရသူ ဦးအောင်မြင့်ကို မေးမြန်းထားပါတယ်။

မေလ ၂၀ ကနေ ၂၂ ရက်နေ့ထိ ယူနီဆက်ဖ်က အရာရှိကြီးတွေ ပန်ဆန်းမှာ လာဆွေးနွေးတယ်လို့ သိရပါတယ်။ ယူဒဗလျူအက်စ်အေ တပ်မှူးတွေပါ တက်တယ်လို့ သိရပါတယ်။ ဘာကိစ္စတွေ အဓိကထား ဆွေးနွေးဖြစ်ကြလဲ။

“ဟုတ်ပါတယ်။ သူတို့ရောက်တော့ ဒီက တပ်ကလူကြီးတွေနဲ့လည်း ဆွေးနွေးပါတယ်။ ဆွေးနွေးတယ်ဆိုတာက ကလေးစစ်သားကိစ္စပေါ့နော်။ ကလေးစစ်သားကိစ္စကို ဆွေးနွေးတဲ့ အခါမှာ ကျနော်တို့ကလည်း ၀ အဖွဲ့အစည်းက မြန်မာနိုင်ငံမှာ အဖွဲ့ ၈ ဖွဲ့ရှိတယ်။ တပ်မတော် အပါအ၀င် ကလေးစစ်သားစုဆောင်းတဲ့ နာမည်ပျက်စာရင်းထဲမှာပါတာ။ ကျနော်တို့ ၀အဖွဲ့အစည်းကဆိုရင် နံပါတ် ၈ ပေါ့။ ဒီ ကလေးစစ်သားကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးကြတယ်။ ကျနော်တို့ကလည်း ကျနော်တို့ ၀ အဖွဲ့ထဲမှာ၊ ကျနော်တို့ကတော့ ပွင့်ပွင့်လင်းလင်းပါ။ ဒါသမိုင်းအကြောင်းရင်းရှိတယ်။ ဗကပ ခေတ်ကနေပြီးတော့ စစ်ပွဲတွေ၊ တိုက်ပွဲတွေ ဖြစ်လာပြီးတဲ့နောက် ကျနော်တို့ဆီက ရဲဘော်တွေ၊ တော်တော်များများ ကျဆုံးသွားတယ်။ သူတို့ အိမ်ထောင်ရေးတွေ ဘာတွေလည်း မိဘမဲ့ဖြစ်သွားတာပေါ့ဗျာ။ ဒါကြောင့် ဒီကနေစပြီးတော့ ကျနော်တို့က ကလေးကျောင်းပေါ့နော်။ တပ်ထဲက ကလေးကျောင်းရယ်၊ ဒေသက ကလေးကျောင်းရယ် ၂ မျိုးရှိတယ်။ ဒီတော့ ရဲဘော်တွေရဲ့ သားသမီးတွေ မိဘကျဆုံးသွားလို့ အိမ်မှာ အခက်အခဲတွေဘာတွေ ဖြစ်နေတယ်ဆိုရင် တပ်က ခေါ်ပြီးတော့ အကုန်လုံး ပညာသင်၊ ကျောင်းမှာပဲထားတာပါ။ ပြုစုပျိုးထောင်ပေးတာပေါ့။ ဒီတော့ သူတို့ ကျောင်းမှာ ပညာသင်ရင်းနဲ့ စားဝတ်နေရေး၊ အိမ်က အခက်အခဲတွေ အကုန်လုံး တာဝန်ယူဖြေရှင်းပေးတာပေါ့ဗျာ။ ဒါက သူက အာဇာနည်ရဲဘော်ရဲ့ သားသမီးတွေဖြစ်တာကိုး။ နောက်ပြီး ၀ ဒေသက ဆင်းရဲနောက်ကျတယ် ဆိုတော့ အစကဆို ဘိန်းစိုက်တာပေါ့ဗျာ။ ဒီတော့ အိမ်ထောင်စုကလည်း စားဝတ်နေရေးက မဖူလုံဘူး။ တနှစ်မှာဆိုလို့ရှိရင် နှစ်ဝက်လောက်က ဆန်စပါးက စားဖို့သောက်ဖို့ မရှိဘူး။ ၀ဒေသသမိုင်းက ခင်ဗျားတို့လည်း သေသေချာချာ မသိလို့။ သိလို့ရှိရင်လည်း ဒေသတခုလုံးမှာပေါ့နော် ဖွံ့ဖြိုးမှုကောင်းတဲ့ဒေသ၊ စိုက်ပျိုးရေးကောင်းတဲ့ဒေသ သူက ၈ လလောက်ပဲ ဖူလုံတယ်။ ဒါကြောင့်မို့လို့ စားဝတ်နေရေး ခက်ခဲမှုက များတယ်။ ဒါကြောင့်မို့လို့ ကလေးသားသမီးတွေဆိုလို့ရှိရင်လည်း သူတို့ လာချင်တယ်။ ပါချင်တယ် ဆိုရင်လည်း ကလေးကျောင်းမှာပေါ့နော် အကုန်လုံး အဖွဲ့အစည်းက တာဝန်ယူပြီးတော့ စားဝတ်နေရေး။ စာအုပ်ကနေအစ အ၀တ်အစား တန်ဆာကနေ အကုန်လုံး တာဝန်ယူ ပေးတယ်လေ။ ဒီတော့ သူတို့လည်း လာတာ။ သူတို့ (ယူနီဆက်ဖ် ကိုယ်စားလှယ်များ) ကိုလည်း မိတ်ဆက်ပြပါတယ်။ မိတ်ဆက်တယ်၊ ပြောတယ်။ နောက် တပ်က၊ ပန်ဆန်းအနီးအနားက တပ်မရဲ့ကျောင်းပေါ့၊ ကလေးကျောင်း။ သူတို့ကိုလည်း ပွင့်ပွင့်လင်းလင်းပဲ သွားလေ့လာခိုင်းတာပဲ။ သူတို့လည်း ကျောင်းက ကျောင်းဆရာတွေ၊ ကျောင်းအုပ်တွေ ဒါတွေ အကုန်လုံး သွားလေ့လာတယ်။ နောက် ဒေသကနေပြီးတော့ အစိုးရ ဖွင့်ထားတဲ့ကျောင်း၊ နောက် ပုဂ္ဂလိက ဖွင့်ထားတဲ့ကျောင်း၊ ဒါတွေလည်း အကုန်လုံး သွားလေ့လာတာပဲ။ ကျနော်တို့ အကုန်လုံး ခွင့်ပြုတယ်။ သူတို့လည်း သွားရတာ ၀မ်းသာအားရပဲ။ သူတို့တောင်မှ ပြောတယ် ‘ခင်ဗျားတို့ ဆောင်ရွက်တဲ့ကိစ္စတွေက တဖက်ကတော့ ကလေးစစ်သားပေါ့ဗျာ။ ကုလသမဂ္ဂရဲ့ ကလေးစစ်သား ယူနီဆက်ဖ်ရဲ့သတ်မှတ်ချက်အရ ဆိုရင်တော့ ဒါကတော့ ဒီထဲမှာ အကျုံးဝင်တယ်။ ဒါပေမယ့် ခင်ဗျားတို့ လုပ်တဲ့ဟာတွေက ဆိုလို့ရှိရင် ခင်ဗျားတို့က ဒေသပြည်သူတွေကို ကောင်းမှုပြုတာပဲ။ ဒါလည်းပါဝင်တယ်။ ခင်ဗျားတို့ ဒီအဖွဲ့အစည်းက တာဝန်ယူမလုပ်ဘူးဆိုရင် ဒီကလေးတွေ ဆင်းရဲဒုက္ခခံပြီးတော့ ဘာလုပ်ရမှန်းမသိပဲ ဖြစ်နေမှာပေါ့’ တဲ့။ ဒါက တပိုင်း။

“နောက်တပိုင်းကလည်း ကျနော်တို့ကလည်း မိတ်ဆက်ပေးပါတယ်။ ၀တိုင်းရင်းသား တွေရဲ့ စိတ်ဓာတ်၊ တပ်ဖွဲ့ထဲမှာ ၀င်ရမှ၊ တပ်ဖွဲ့ထဲမှာ ဓားတို့၊ တုတ်တို့။ အရပ်ဘက်မှာဆို ဓားတို့ တုတ်တို့ပေါ့ဗျာ ကိုင်တာပဲ။ ဒါ လူမျိုးရဲ့အလေ့အကျင့်ကိုက၊ အယူအဆကိုက တသက်မှာ စစ်သားမလုပ်ရဘူး၊ လက်နက်မကိုင်ရဘူးဆိုလို့ရှိရင် ဂုဏ်မရှိဘူးပေါ့ဗျာ။ ဒီဟာတွေအကုန်လုံး ဆွေးနွေးဖြစ်ပါတယ်။ ဆွေးနွေးဖြစ်တယ်။ ပွင့်ပွင့်လင်းလင်းပါပဲ။ သူတို့ကိုလည်း သွားလေ့လာခိုင်းတာပဲ။ ဘေးကရွာတွေတောင်မှ သွားလေ့လာတာပဲ။ ဘေးက တပ်က ဖွင့်ထားတဲ့ကျောင်း၊ ကလေးတွေ အကုန်လုံးပဲ သူတို့ သွားလေ့လာတယ်။ သူတို့ နေမှု၊ ထိုင်မှု၊ စားမှု၊ သောက်မှု၊ သူတို့ ပညာသင်ကြားတဲ့ကိစ္စ၊ ကျောင်းဆရာတွေ၊ ကျောင်းအုပ်တွေ၊ တပ်ဖွဲ့ ကလေးတွေကျောင်းကို တာဝန်ယူထားတဲ့ တာဝန်ရှိပုဂ္ဂိလ်တွေပေါ့။ သူတို့လည်း တော်တော်လေး ၀မ်းသာအားရပါတယ်။ မူလကတော့လည်း သူတို့ရည်ရွယ်ချက်ကလည်း ကျနော်တို့ ကလေးတွေကို ၀အဖွဲ့အစည်းက ကလေးစစ်သားစုဆောင်းတဲ့၊ သုံးစွဲတဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာဆိုရင် စာရင်းထဲမှာ ရှစ်ဖွဲ့ရှိတယ် နာမည်ပျက်ထဲမှာ။ သူတို့လည်း ပြပါတယ်။ တပ်မတော်အပါအ၀င် ကျနော်တို့ကတော့ နောက်ဆုံးပေါ့။ ဒါကြောင့်မို့လို့ သူတို့ကလည်း ဒီနာမည်ပျက်စာရင်းကနေ ဘယ်လိုရုန်းထွက်နိုင်ဖို့လည်း ဆွေးနွေးပါတယ်။ နောက်ပြီး ကျနော်တို့ကိုလည်း အကြံပြုပါတယ်။ တပ်ဖွဲ့မှာထားမယ့်အစား ဒေသကျောင်းတွေကိုလည်း တဖြည်းဖြည်းရွှေ့ပြောင်း ပေးပို့လိုက်ရင် ဒါကဆိုလို့ရှိရင် ဥပဒေနဲ့ ကင်းလွတ်တာပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ဒီက ကျောင်းတွေကလည်း၊ ဒေသကျောင်းဆိုတာကလည်း ဒေသအစိုးရက ဖွင့်တဲ့ကျောင်းလည်းရှိတယ်၊ ပုဂ္ဂလိကကျောင်းလည်းရှိတာပေါ့။ ဒါဟာ ဒေသတခုလုံးရဲ့ အခြေအနေမှာ မူတည်ပြီးတော့ နည်းနည်း ဖွင့်နိုင်တဲ့နေရာရှိရင် ဖွင့်တာပေါ့ဗျာ။ ဒါပေမယ့် တပ်တွေကျတော့ သူက အကုန်ရှိတယ်လေ။ ဒီကိစ္စတွေလည်း ဆွေးနွေးပါတယ်။”

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ကလေးစစ်သားအသုံးပြုတယ်ဆိုတာကို အကြီးအကျယ် မငြင်းဘူး၊ အခြေအနေတွေ ဒီလိုဖြစ်နေတယ်ဆိုတာကို အကျိုးအကြောင်းနဲ့ ပြောခဲ့တယ်ပေါ့။

“ဟုတ်ပါတယ် ကျနော်တို့က မငြင်းပါဘူး။ ကျနော်တို့က ရှိတယ်၊ ဒီလို အဖွဲ့အစည်းကမှ တာဝန်မယူ မဆောင်ရွက်ဘူးဆိုရင် ဒီကလေးတွေ၊ ဒီမိသားစုတွေ နေထိုင်မှုဘ၀က ၀ရုန်းသုန်းကားဖြစ်ပြီးတော့ နေထိုင်မှုပျက်သွားမှာ။ ဘ၀ပျက်သွားနိုင်တဲ့ အခြေအနေလည်း ရှိတယ်။ အဲဒါကြောင့်မို့ အဖွဲ့အစည်းက အားလုံးတာဝန်ယူလုပ်ပေးတာဖြစ်တယ်။”

သူတို့အကြံပြုသွားတာက ကလေးတွေကို တပ်တွေထဲမှာထားပြီး ယူနီဖောင်း ပေးဝတ်ထားတာထက်စာရင် အပြင်ကျောင်းတွေမှာထားရင် မကောင်းဘူးလားလို့ အကြံပေး သွားတာပေါ့နော်။

“ဟုတ်တယ်။ ကျနော်တို့လည်း ဒီကိစ္စကို တဖြည်းဖြည်း ဆောင်ရွက်ဖို့လည်း ရှိပါတယ်။ နောက် တပ်ထဲမှာ ကျောင်းပဲဖြစ်ဖြစ်၊ အခိုင်းအစေပဲဖြစ်ဖြစ်ပေါ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတွေကို တပ်ထဲမှာထားလို့ရှိရင် သူတို့ ယူနီဆက်ရဲ့ ဥပဒေနဲ့ ငြိတာပေါ့့ဗျာ။ ဒီဟာတွေ အားလုံးလည်း ဆွေးနွေးချပြပါတယ် သူတို့လည်း။”

ယူနီဆက်ဖ်ဌာနေကိုယ်စားလှယ်က ဒီခရီးစဉ်ကို ယူနီဆက်ဖ်နဲ့ ၀တပ်ဖွဲ့ကြား နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဦးတည်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ အဆင့်အဖြစ် ကြိုဆိုပြောကြားခဲ့ ပါတယ်။ ကလေးစစ်သားပပျောက်ရေးအတွက် ပါတီအနေနဲ့ ဘယ်လောက် စိတ်ဇော ထက်သန်သလဲ။

“ဒီကိစ္စက ကျနော်တို့လည်း သူတို့ပြောပြတဲ့ဥပဒေပေါ့နော် တခုလုံး သူတို့လည်း ကျနော်တို့ကို ပေးပါတယ်။ ယူနီဆက်ရဲ့ အခြေခံမူပေါ့နော်။ ကျနော်တို့လည်း လေ့လာနေတယ်။ ဒါတွေလည်း ကောင်းပါတယ်။ ကျနော်တို့ကလည်း ဒေသတင်မကဘူး၊ ဒေသငြိမ်းချမ်းရေး တင်မကဘူး၊ တိုင်းပြည်ပါ ငြိမ်းချမ်းစေချင်တာပေါ့ဗျာ။ ဒီတော့ တိုင်းပြည်လည်း ငြိမ်းချမ်းလာပြီ ဆိုရင် ကလေးစစ်သားက ဘာလုပ်ကြရတော့မှာလဲ။ ဟုတ်တယ်မဟုတ်လား။ အားလုံး ဒီကိစ္စတွေမှာ လုံးပန်းကြဖို့ဆန္ဒရှိပါတယ်။ ကျနော်တို့လည်း ဒီလို စဉ်းစားမှုရှိပါတယ်။"

ကျေးဇူးပါဗျာ။ ငြိမ်းချမ်းရေးဆိုလို့ လောခီးလာမှာကျင်းပနေတဲ့ တိုင်းရင်းသား ထိပ်သီး ညီလာခံဆွေးနွေးပွဲကို ပါတီက မတက်ဘူးနော်။

“ဟုတ်ကဲ့ ကျနော်တို့ မတက်ဘူး။ ဒါပေမယ့် ကျနော်တို့ နေ့တိုင်း အဆက်အသွယ်ရှိ ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013