
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီကနေ့ ဇူလိုင် ၁၅ ရက်ကစပြီး စက်သုံးဆီကို ခွဲတမ်းစနစ်နဲ့ ရောင်းချဖို့ တာချီလိတ် စက်သုံးဆီရောင်းဝယ်ရေးအသင်းက စီစဉ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ထိုင်းဘက်က စက်သုံးဆီ မဝင်တော့တာကြောင့် ဒေသတွင်းမှာ စက်သုံးဆီ ပြတ်လပ်တာတွေ ဖြစ်မလာဖို့ အခုလိုစီစဉ်နေတာလို့ ဆိုပါတယ်။
တာချီလိတ် အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းက ဒေသတွင်းမှာ အသုံးပြုတဲ့ စက်သုံးဆီတွေကို ထိုင်းနိုင်ငံကနေတဆင့် တင်သွင်းနေတာဖြစ်ပြီး လက်ရှိမှာ အဲဒီလမ်းကြောင်း ရပ်တန့်နေတယ်လို့ တာချီလိတ်မြို့ခံ သတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။
“ဝင်တာတော့ရှိပေမဲ့ အရင်တုန်းကလောက် အများကြီး မဝင်တော့ဘူး။ အခုက ရှမ်းပြည်နယ်အရှေ့ပိုင်း တခုလုံးက ဒီဆီကို သုံးနေရတာ။ အခု ခွဲတမ်းကိစ္စကလည်း သိပ်ကြာမယ်တော့ မထင်ပါဘူး။ အလွန်ဆုံးကြာရင် တပတ် ဆယ်ရက်လောက်ပဲ ထင်ပါတယ်။ လမ်းကြောင်းက ပွင့်မှာပါ။”
အခုလို ဆီခွဲတမ်းနဲ့ ရောင်းချဖို့ စီစဉ်တာဟာ ဒေသတွင်းမှာ လက်ရှိ ရှိနေတဲ့ ဆီ ပြတ်တောက်မသွားဖို့ စီစဉ်ခြင်းသာဖြစ်ပြီး ဆီဆိုင်တွေအနေနဲ့ လုံးဝမရောင်းချဘဲ မနေအောင် ပုံမှန်စစ်ဆေးသွားမယ်လို့လည်း စက်သုံးဆီ ရောင်းဝယ်ရေးအသင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လက်ရှိ စီစဉ်ထားတဲ့ ကန့်သတ်ချက်အရ ဆီဆိုင်တွေအနေနဲ့ ဇူလိုင် ၁၅ ရက်က စတင်ပြီး ကားတစီးကို ဘတ် ၅၀၀ ဖိုး၊ ဆိုင်ကယ်တစီးကို ဘတ် ၅၀ ဖိုး၊ သုံးဘီးဆိုင်ကယ်တစီးကို ဘတ် ၁၀၀ ဖိုးနဲ့ မနက် ၇ နာရီကနေ မွန်းတည့် ၁၂ နာရီအထိသာ ရောင်းချပေးသွားမယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
တာချီလိတ်ကို ဝင်နေတဲ့ စက်သုံးဆီတွေဟာ စင်ကာပူနိုင်ငံက မှာယူတဲ့ ဆီတွေဖြစ်ပြီး ထိုင်းနိုင်ငံကို တဆင့်ခ် တင်သွင်းနေရတာဖြစ်ကာ အခုလို ကန့်သတ်ခံရတာဟာ တရုတ်ရဲ့ ဖိအားတွေ ပါတယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေက သုံးသပ်ကြပါတယ်။
တရုတ်ရဲ့ ကျားဖြန့်နှိမ်နှင်းရေး စီမံကိန်းအရ ထိုင်းအစိုးရဟာ ထိုင်းကနေ တာချီလိတ်ကို စက်သုံးဆီ တင်သွင်းခွင့်နဲ့ လျှပ်စစ်ဖြန့်ဝေမှုကို ပြီးခဲ့တဲ့ ၂၀၂၄ တည်းက ကန့်သတ်ခဲ့တဲ့အတွက် ထိုင်းကနေ လာအိုနိုင်ငံဆီ အရင်ပို့ပြီး လာအိုကနေ မြန်မာဘက်ခြမ်း တာချီလိတ်မြို့ဆီကို ပြန်သွင်းနေရတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။










