DVB Logo
Home
မြန်မာသတင်း
သတင်းယူခွင့်ပိတ်ထားမှု ဖြေရှင်းပေးရန် ဂျာနယ်လစ်ကွန်ရက် တောင်းဆို
DVB
·
June 4, 2015
သတင်းယူခွင့်ပိတ်ထားမှု ဖြေရှင်းပေးရန် ဂျာနယ်လစ်ကွန်ရက် တောင်းဆို
Donate to DVB

သတင်းမီဒီယာသမားတွေ သတင်းရယူခွင့် ပိတ်ပင်ထားတာကို အစိုးရနဲ့ လွှတ်တော်တို့ ဖြေရှင်းပေးဖို့ မြန်မာဂျာနယ်လစ်ကွန်ရက်က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အခုရက်ပိုင်းအတွင်း ပြည်တွင်းမှာ သတင်းမီဒီယာသမားတွေ သတင်းရယူတာကို တားဆီးကန့်သတ်တဲ့ ဖြစ်ရပ် ၂ ခု ဖြစ်ပွားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပထမဖြစ်ရပ်က လွှတ်တော် ၃ ရပ်အတွင်း သတင်းသမားတွေ ၀င်ရောက်သတင်းယူခွင့် တားဆီးပိတ်ပင်ခဲ့တာဖြစ်ပြီး ဒုတိယက ဟိုင်းကြီးကျွန်းအနီးက လှေစီးဒုက္ခသည်တွေထံ သတင်းသွားယူသူတွေကို တားဆီးပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်တွင်း သတင်းရယူခွင့် ပိတ်ပင်လိုက်တာဟာ တပ်မတော်သား ကိုယ်စားလှယ်က သူများကိုယ်စား မဲပေးနေပုံတွေ၊ ကိုယ်စားလှယ်တွေ အိပ်နေပုံတွေကို ဖော်ပြတာတွေနဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ လွှတ်တော်နာယက က ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်နောင် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်အောင် မီဒီယာဝင်ခွင့် ပိတ်ပင်တာလို့ ဆိုပါတယ်။

ဒါဟာ လွှတ်တော်တွင်းရှိ ကိုယ်စားလှယ်တွေ မဲပေးပုံကို ပြည်သူတွေ သိခွင့်မရအောင် လုပ်ဆောင်တာလို့ ဂျာနယ်လစ်ကွန်ရက်က သုံးသပ်ပါတယ်။

ဒါ့အပြင် ဟိုင်းကြီးကျွန်းက လှေစီးဒုက္ခသည် အရေးဟာလည်း တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ ဖြစ်ရပ်တခုဖြစ်ပြီး သတင်းသွားယူတဲ့ သတင်းသမားကို တားမြစ်တာဟာ တိုင်းပြည်အတွင်း အဖြစ်အပျက်အမှန်တွေ သိခွင့်မရအောင် လုပ်တာပဲလို့ ကွန်ရက်က ဆိုပါတယ်။

ရန်ကုန်မြို့က သတင်းအယ်ဒီတာ ဦးဇော်သက်ထွေးကတော့ အခုလို သတင်းမီဒီယာတွေကို ပိတ်ပင်တားဆီးတဲ့ လုပ်ရပ်တွေဟာ တဦးတယောက်ရဲ့ စိတ်ခံစားမှုတွေနဲ့ လုပ်နေတာလို့ မှတ်ချက်ပေး ပြောပါတယ်။

“အခုဟာတွေ၊ အတွေးအခေါ်တွေက ဒီမိုကရေစီနိုင်ငံတခုကို တည်ဆောက်မယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သွားနေတာ မဟုတ်ဘဲနဲ့ ကိုယ့်စိတ်ခံစားမှုနဲ့ အလျဉ်းသင့်သလို သွားနေတာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်ရဲ့ မတည်ငြိမ်မှုနဲ့ အင်စတီကျူးရှင်း မခိုင်မာမှုကို ပြသနေတယ်လို့ပဲ သုံးသပ်ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013