DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် KTVဖွင့်ပြီး လူကုန်ကူးသည့်  အမျိုးသမီး ၃ ဦးဖမ်းဆီးခံရ
DVB
·
June 5, 2026
မြောက်ဦးတွင် KTV ဖွင့်ပြီး လူကုန်ကူးမှုဖြင့်ဖမ်းဆီးခံရသည့် အမျိုးသမီး ၃ ဦး။ (Photo: အာရက္ခမူခင်းနှင့် ဆက်စပ်ထုတ်ပြန်ရေး)
မြောက်ဦးတွင် KTV ဖွင့်ပြီး လူကုန်ကူးမှုဖြင့်ဖမ်းဆီးခံရသည့် အမျိုးသမီး ၃ ဦး။ (Photo: အာရက္ခမူခင်းနှင့် ဆက်စပ်ထုတ်ပြန်ရေး)
Donate to DVB

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ကာရာအိုကေ KTV ဖွင့်ပြီး လူကုန်ကူးတဲ့အလုပ် လုပ်ကိုင်နေတဲ့ အမျိုးသမီး ၃ ယောက်ကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်)အဖွဲ့က ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လူကုန်ကူးမှုနဲ့ ဖမ်းဆီးအမှုဖွင့်ခံရသူတွေကတော့ ရွှေရိုးရာ KTV ပိုင်ရှင် ဒေါ် ခင်မိုးမိုးဝင်း ( ၅၆ နှစ် ) ၊ မန်နေဂျာ ဒေါ်လှလှဝင်း (ခ) မေခ ( ၄၅ နှစ်) နဲ့ ဒု-မန်နေဂျာ ဒေါ်ပြည့်ပြည့်ဝင်း (ခ) ထိပ်ထား( ၄၁ နှစ်)တို့ ဖြစ်ပါတယ်။

မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်မှာ ရွှေရိုးရာနာမည်နဲ့ KTV ဖွင့်ထားပြီး ဒေသခံ အမျိုးသမီးငယ်‌ တွေကို လူကုန်ကူး‌နေတဲ့ အမျိုးသမီး ၃ ယောက်ကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်)က ဖမ်းဆီးအမှုဖွင့်ထားပြီလို့ မြောက်ဦးမြို့ခံအမျိုးသမီးတယောက်က ပြောပါတယ်။

"သူတို့က ဆင်းရဲနွမ်းပါးတဲ့မိန်းကလေးတွေကို KTV မှာ အလုပ်လုပ်ဖို့ခေါ်တယ်။ ပြီးတော့ ပြည့်တန်ဆာလုပ်ဖို့ ငွေနဲ့ သွေးဆောင်ဖြားယောင်းတယ်။ ပြီးရင် လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေကို အတင်းအဓမ္မ လုပ်ခိုင်းတယ်။ ခေါင်းပုံဖြတ်တယ်။ ဒီမိန်းမ ၃ ယောက်က တော်တော် အကြံ ပက်စက်တယ်။ ဒီလပ်က ဖမ်းထားပြီ တရားစွဲဖို့ပဲကျန်တော့တယ်။”

ရခိုင်လွတ်မြောက်နယ်မြေအများအပြားမှာ ဖွင့်လှစ်ထားတဲ့ နောက်ထပ် KTV စားသောက်ဆိုင် တွေကိုလည်း ဝင်ရောက်စစ်ဆေးသင့်ပြီး အမျိုးသမီးငယ်တွေ လိင်ကျွန်ဘဝ ဆက်မရောက်စေဖို့နဲ့ စားဝတ်နေရေးပြေလည်ဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိသင့်တယ်လို့ ရခိုင်အမျိုးသမီးငယ် တက္ကသိုလ်ကျောင်းသူ တယောက်က ပြောပါတယ်။

"အမျိုးသမီးတွေရဲ့ဘဝ မလုံခြုံတော့သလို လိင်ကျွန်ဘဝမရောက်ဖို့ ပြစ်မှုကျူးလွန်သူတွေ ဒီအလုပ်လုပ်တဲ့သူတွေကို ထိထိရောက်ရောက်အရေးယူသင့်တယ်။ အမျိုးသမီးအလုပ်အကိုင် အခွင့်လမ်းတွေလည်း ရှိစေချင်တယ်။”

သူတို့ဟာ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်၊ အမ်း-ကျောက်တော်ကားလမ်းမဘေးမှာ ရွှေရိုးရာ KTV ဟု နာမည်ခံကာ ဘဝရပ်ဖို့အတွက် ခက်ခဲနေကြတဲ့ အမျိုးသမီးငယ်တွေရဲ့ အခြေအ‌နေကို အခွင့်ကောင်းယူကာ KTV လုပ်ငန်းလုပ်ကိုင်ဖို့ အကြောင်းပြထားပြီး မသိနားမလည်တဲ့ အမျိုးသမီးငယ်တွေကို သွေးဆောင်ဖြားယောင်းခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒီနောက် ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ဖို့ အဓမ္မစေခိုင်းတာ၊ ကာမဆိုင်ရာကိစ္စအတွက် တနည်းနည်းနဲ့ အဓမ္မဝန်ဆောင်မှုပေးခိုင်းတာအပြင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရာက‌နေရရှိ လာတဲ့ ငွေကြေးတွေကို ခေါင်းပုံဖြတ်အမြတ်ထုတ်ပြီး လူကုန်ကူးနေတာဖြစ်တယ်လို့ အာရက္ခမှုခင်း နဲ့ ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က ဇွန် ၄ ရက်‌ မှာ သတင်းထုတ်ပြန် ထားဖြစ်ပါတယ်။

KTV ပိုင်ရှင်အပါအဝင် အဲ့ဒီအမျိုးသမီး ၃ ယောက်ကို မေ ၂၄ ရက် ည ၁၁ နာရီ ၁၅ မိနစ်မှာ ဒီလပ် က သတင်းအရ ဝင်ရောက်ဖမ်းဆီပြီး သက်ဆိုင်ရာ ဒီလပ်စခန်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ-၃၅ နဲ့ အမှုဖွင့်ထားပါတယ်။

ဒီနောက် ချုပ် ရမန်ရယူတာ၊ အမှုမှသက်သေခံပစ္စည်းတွေ သိမ်းဆည်းတာ၊ ကျန်ဒီလပ်လုပ်ငန်း တွေကို ပြည့်စုံခိုင်မာစွာတည်ဆောက်ပြီး ဥပဒေအကြံပြုချက်နဲ့အညီ အရင်ဆုံး တရားစွဲတင် သွားမယ်လို့ အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013