DVB Logo
Home
မြန်မာသတင်း
လှေစီးဒုက္ခသည်အရေး မြန်မာအပေါ် မျှတစွာဆောင်ရွက်ပေးရန် ကုလထံ တောင်းဆို
DVB
·
June 4, 2015
လှေစီးဒုက္ခသည်အရေး မြန်မာအပေါ် မျှတစွာဆောင်ရွက်ပေးရန် ကုလထံ တောင်းဆို
Donate to DVB

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအပေါ် မှန်ကန်မျှတစွာပြုမှု ပြောဆိုဆောင်ရွက်ပေးဖို့  လွှတ်တော်နာယက သူရဦးရွှေမန်းက ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းထံ စာရေးတောင်းဆိုလိုက်ပါတယ်။

လူကုန်ကူးကိစ္စ၊ လှေစီးဒုက္ခသည်ကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် အထင်မြင်လွဲမှားမှုတွေ မဖြစ်စေဖို့နဲ့ လူမျိုးရေးပဋိပက္ခတွေ မကြီးထွားစေဖို့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေက အထူးအလေးပေးဖို့လည်း  ဇွန်လ ၃ ရက်နေ့စွဲနဲ့ ပေးပို့တဲ့စာမှာ တိုက်တွန်း ထားပါတယ်။

ဇွန်လ ၂ ရက်နေ့ အမျိုးသားလွှတ်တော်မှာတော့ မကွေးတိုင်း ကြံ့ခိုင်ရေးပါတီ အမတ် ဦးလှဆွေက လှေစီးရွှေ့ပြောင်းဝင်လာသူတွေနဲ့ ပတ်သက်ပြီး  ပြတ်ပြတ်သားသား မူဝါဒချမှတ် ဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်။

ဦးလှဆွေက “လှေစီး ထွက်ပြေးသူများသည် တဘက်နိုင်ငံကတဆင့် မြန်မာ့ရေပြင်ကို ဖြတ်သန်းဝင်ရောက်လာ၍ မကြာခဏဖမ်းမိသည့်ဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိပါကြောင်း၊ ပိုမိုသာလွန်သည့်ဘ၀ကို ရရှိလိုမှုကြောင့် လှေစီး ထွက်ခွာသူများသည် ဒုက္ခသည်များ မဟုတ်သည့်အတွက် နိုင်ငံတကာကလည်း ဒုက္ခသည်နှင့် သက်ဆိုင်သည့် စကားလုံးများကို အသုံးပြုခြင်း မရှိပါကြောင်း၊ သို့သော်လည်း ပြည်တွင်းပြည်ပမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း တချို့က ဒုက္ခသည်ဟု သုံးနှုန်းခြင်းသည် လှေစီးဝင်ရောက်လာသူ အရေအတွက် ပိုမိုတိုးပွားလာစေရန် အားပေးရာရောက် နေပါကြောင်း” လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးမိသူတွေကို လူသားချင်းစာနာပြီး ခေတ္တထိန်းသိမ်းထားတဲ့ အချိန်ကာလကိုလည်း တိတိကျကျ သတ်မှတ်သင့်ကြောင်းလည်း ဆွေးနွေးခဲ့ပြီး ဒီအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူကြောင်းဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံခြားရေးဌာနကတော့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအတွင်း ပင်လယ်ပြင်မှာ  တွေ့ရှိ ကယ်တင်ထားတဲ့ ဘဂါင်္လီလှေစီးသွားလာသူ ၁၀၀၀ လောက်ကို မူလနေရပ်ပြန်ပို့နိုင်အောင်  ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြိ့ အနီးမှာ ယာယီ နေစရာပေး ကူညီစောင့်ရှောက်ပေးထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီကိစ္စ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့သံ အမတ်ကြီးတို့ နေပြည်တော်မှာ ဆွေးနွေးခဲ့ပြီး  လှေစီးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို  ဇွန်လ ၇ ရက်နေ့ကစ  ပြန်လည်ခေါ်ယူမယ်လို့ သံအမတ်ကြီးက ပြောတဲ့ အကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013