DVB Logo
Home
Lead Story
မဲအတွက်ဆို သည်းသည်းမည်းမည်း
DVB
·
June 4, 2015
မဲအတွက်ဆို သည်းသည်းမည်းမည်း
Donate to DVB

လှေစီးပြေးခေါ် လှေပြေးစီးကြတဲ့ ဒုက္ခသည်အရေးမှာ ပြဿနာကတခုတည်း။ ပရိသတ်က ၂ ခု ကွဲနေတယ်။ ပြည်တွင်းမှာ အစိုးရကပြောတာကိုသာ ထုတ်ဝေနိုင်တာများတယ်။ ရေးတဲ့သူတွေကလည်း တဖက်သတ်မလိုက်ရင် ဒုက္ခရောက်နိုင်တယ်။ တရားဥပဒေရော မတရားဥပဒေပါ လွှမ်းမိုးနေလို့ဖြစ်တယ်။ နိုင်ငံတကာက ဆန့်ကျင်ဘက်အမြင်နဲ့ အကြည့်ခံနေရတယ်။

၂ဝ၁၂ ခုနှစ် မေ ၂၈ ရက်က ရခိုင်တိုင်းရင်းသူ မိန်းကလေးဟာ အုပ်စုဖွဲ့ မတရားပြုကျင့်ပြီး သတ်ပစ်တာ ခံခဲ့ရရှာတယ်။ အမှုကျူးလွန်သူတွေဟာ ဗမာမွတ်စလင်တွေ ဖြစ်ကြတယ်လို့ ဆိုတယ်။ အဲဒီကတည်းက ရိုဟင်ဂျာဆိုတဲ့နာမည်ဟာ နိုင်ငံတကာမီဒီယာမှာ တောက်လျှောက်ကြီး ပါနေတော့တယ်။ ပြည်တွင်းမှာတော့ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြ ရေးသားကြတယ်။ အဲဒီကတည်းက နာမည်တလုံးအတွက် တိုက်ပွဲစတော့တာပါပဲ။ အဲလူတွေကိုခေါ်ဝေါ်ဖို့ ဘင်္ဂါလီဆိုတဲ့ စကားလုံးကို တမင်တကာ တီထွင်ခဲ့တာပါ။

ကိုင်တွယ်ပုံညံ့ဖျင်းလို့ ပြဿနာက ဆက်တိုက်ကျယ်ပြန့်လာတာပါ။ အခုဆိုရင် ဒေသဆိုင်ရာပြဿနာလို့ သံတမန်လောကမှာ ခေါ်ဆိုနေကြပါပြီ။ ပြည်ပမှာ ဒီမိုကရေစီရေးအတွက် လှုပ်ရှားမှုစခဲ့တာ ၁၉၉ဝ အကုန်ကတည်းကပါ။ ကုလသမဂ္ဂ ဦးဆောင်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီဗမာ့ပြဿနာကို ဒေသဆိုင်ရာပြဿနာလို့ အသိအမှတ်မပြုဘဲ၊ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်မှုတခု သက်သက်ပါပဲလို့ သတ်မှတ်ပါတယ်။ ဒေသတွင်းပါလို့ ပြောလို့ မရခဲ့ပါ။ မြန်မာအစိုးရသစ်ကို ကမ္ဘာက ဟိမဝန္တာချီးမွမ်းခန်းဖွင့်တော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့လည်း ပါတာပဲ။

ဒီတော့ကော ဒီလို အစိုးရတရပ်ဟာ ဒီမိုကရေစီတောင်းဆိုမှုတွေကိုတော့ အသံတိတ်သွားအောင် လုပ်နိုင်ခဲ့ပေမယ့် ဒေသဆိုင်ရာ ပြဿနာတရပ်ကိုတော့ မီးမွှေးပေးတာ ဘာကြောင့်လဲဆိုတာ ဝိုင်းဝန်း ခွဲခြမ်းစိတ်ဖြာကြဖို့ အချိန်တန်ပါပြီ။ အခုဆိုရင် ဗမာပြည်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအားပေးတဲ့ဒဏ်ကို အပြင်းအထန် ခံနေရပြီ။ နိုင်ငံတကာ အသိုင်းအဝိုင်းဆိုတာလည်း မွတ်စလင်အဝန်းအဝိုင်း တစိတ်တပိုင်းရဲ့ ဦးဆောင်မှု လမ်းညွှန်မှုအောက်မှာ ရှိတာပါ။

ဗမာပြည်ကို လာရောက်ကြတဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေအားလုံးက ဒီကိစ္စကို အထူးတလည် ရှေ့တန်းတင်ကြတယ်။ အိုဘားမားနဲ့ ဘန်ကီမွန်းတို့လည်း ဒီလိုပါပဲ။ အစိုးရရဲ့ ထုတ်ပြန်ချက်အရရော စီအိုင်အေရဲ့ ထုတ်ပြန်ချက်အရပါ ဗမာပြည်မှာ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူက လူဦးရေရဲ့ ၈၉ ရာခိုင်နှုန်းရှိတယ်။ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေး အစည်းအရုံး (အိုအိုင်စီ) က ဒီလိုမျိုး ဗမာပြည်မှာ ရုံးဖွင့်ချင်သတဲ့။ ဒါ သမိုင်းကြောင်းအရဆိုရင် ပထမဆုံးအကြိမ်ပါပဲ။

ဒီအရေးကိစ္စနဲ့ပတ်သက်တဲ့ သတင်းကို ပြည်ပမီဒီယာ တော်တော်များများက တလွဲတချော် လုပ်ကြတယ်။ ဥပမာ ၂ဝ၁၅ ခုနှစ် မေလ ၂ဝ ရက်နေ့မှာ ထုတ်ဝေတဲ့ ဆစ်ဒနီ နံနက်ခင်း သံတော်ဆင့်သတင်းစာ ရေးပုံကိုကြည့်။ ဗမာပြည်က အတိုက်အခံအင်အားစုဟာ ရိုဟင်ဂျာတွေမှာ အခွင့်အရေး ရှိတယ်တဲ့။ သူတို့ရေးတဲ့အထဲမှာ မှန်တာတခုတော့ ရှိတယ်။ ဗမာပြည်ထဲက အလွန်ဆိုးဝါးလှတဲ့ အခြေအနေတွေကနေ ရှောင်ပြေးကြတဲ့ မွတ်စလင်တွေမှာ လူ့အခွင့်အရေးတွေ ခံစားပိုင်ခွင့်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ အင်အားစုရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က တိုက်တွန်းတယ်လို့ ရေးပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ဒီကိစ္စကို ရှင်းပြတော့ နိုင်ငံတကာ မီဒီယာက မသိချင်ယောင်ဆောင်ကြတယ်။

ဗုဒ္ဓဘာသာမှတပါး အခြားဘာသာကိုးကွယ်သူ ဗမာနိုင်ငံသားဦးရေက ပြည်ပမှာနေတာ ၃ သန်းထက်မနည်း ရှိပါတယ်။ သူတို့ထဲက ၅ ပုံ ၄ ပုံ ကျော်ဟာ ဗမာပြည်ကနေ တရားမဝင် ထွက်ပြေးကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာရယ်လို့ မပေါ်ပါ။ ထိုင်းနိုင်ငံက တခါတလေ ပြောတယ်။ မလေးရှားကတော့ ဗုဒ္ဓဘာသာဝင် အလုပ်သမားတွေကိုသာ အပြစ်တင်တယ်။ ကျန်တဲ့နိုင်ငံတွေကတော့ ဒီကိစ္စကို အာရုံမစိုက်ကြပါ။ အိန္ဒိယနဲ့ ပါကစ္စတန်က အစွန်းရောက် အုပ်စုတွေဆီကပဲ အသံတွေ ထွက်လာတယ်။ ရိုဟင်ဂျာ အမည်ခံထားတဲ့ လက်နက်ကိုင် အုပ်စုတွေကို အကူအညီပေးကြတယ်။ ဘရူနိုင်းနိုင်ငံကဆိုရင် အသံတိတ်နေတယ်။

ဗမာပြည်ကို အာဆီယံအဖွဲ့ထဲ ၀င်ခွင့်ပြုခဲ့တဲ့ ၁၉၉၇ ခုနှစ် ဇွန် ၂၃ ရက်ကတည်းက အာဆီယံအဖွဲ့ကြီးဟာ ဗမာပြည်ရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းခဲ့တဲ့လုပ်ရပ် တခုမှမရှိပါ။ အာဆီယံအဖွဲ့ကြီးရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ အာဏာရ အစိုးရကိုသာ မျက်နှာသာပေးခဲ့ပြီး နှိပ်ကွပ်ခံနေရတဲ့ လူထုကိုဖြစ်ဖြစ် အဲဒီအစိုးရနဲ့ ထိပ်တိုက်တွေ့တဲ့ ဘယ်ပြဿနာကိုဖြစ်ဖြစ် ကူညီဖြေရှင်းပေးခဲ့တာ မရှိပါ။ အဲဒီအဖွဲ့အစည်းကြီးမှာ ကျင့်ဝတ်အရရော နိုင်ငံရေးအရပါ စွက်ဖက်နိုင်တဲ့ အခွင့်အာဏာလည်း မရှိပါ။ ၂ဝဝ၄ ခုနှစ်တုန်းကတော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဖိအားပေးကြလို့ ၂ဝဝ၆ ခုနှစ်မှာ ဗမာပြည် အိမ်ရှင်နိုင်ငံဖြစ်ရေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ငြင်းပယ်ခဲ့ကြဖူးတယ်။ အဲဒီလို ရဲရဲဆုံးဖြတ်ခဲ့ကြတာကလွဲလို့ အာဆီယံဟာ ဗမာပြည်ကို ဘယ်တုန်းကမျှ ထိပ်တိုက်ဟန့်တားတာ မရှိခဲ့ပါ။ အခု ရိုဟင်ဂျာကိစ္စမှာ အမေရိကန်နဲ့ အီးယူတို့ကပါ မဆီလျော်တဲ့ တောင်းဆိုချက်တွေ လုပ်နေပြန်တယ်။

ဒီပြဿနာကို ပိုဆိုးသွားစေတဲ့ အကြောင်း ၂ ချက် ရှိတယ်။ အစိုးရကိုယ်တိုင်ကြောင့်နဲ့ တဖက်သတ် (လော်ဘီ) က နားချလှည့်ဖျားတာတွေ ခံနေရတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြောင့် ဖြစ်ပါတယ်။ ဗမာပြည် ဒီမိုကရေစီရရှိရေးအတွက် မနေမနား ထောက်ပံ့အားပေးခဲ့ကြတဲ့ အစိုးရတွေရော၊ ထောက်ပံ့ရေးအေဂျင်စီတွေရောကနေ ၂ဝဝ၇ ခုနှစ်ကတည်းက ရန်ပုံငွေ ထောက်ပံ့နေတာတွေကို ရပ်ဆိုင်းလိုက်တယ်။ အဲဒီကတည်းက ရိုဟင်ဂျာတွေအတွက် စည်းရုံးနားချပေးတဲ့၊ ငွေကြေးပြည့်ပြည့်စုံစုံရှိတဲ့ အဖွဲ့တမျိုးတည်းသာ ကျန်တော့တယ်။ အခုဆိုရင် (ဗမာပြည် ဒီမိုကရေစီရရှိရေး) မှသည် (မြန်မာပြည် ရိုဟင်ဂျာထွေးပိုက်ရေး) အဖြစ် ပြောင်းသွားပါတော့တယ်။

ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် အစိုးရက နိုင်ငံရေးကစားလို့ မဖြစ်ပါ။ ရိုဟင်ဂျာလို့ ရေးတာ ပြောတာကို ပိတ်ပင်ပြီး လူထုရဲ့ လက်ခုပ်သံကိုရအောင် ကြိုးစားနေတယ်။ အစွန်းရောက် ဗုဒ္ဓဘာသာအုပ်စုကို ဖန်တီးထားတယ်။ လွှတ်တော်က အငြင်းပွားစရာဖြစ်တဲ့ လူဦးရေဥပဒေကြမ်းကို အတည်ပြုခဲ့တယ်။ လုပ်နေတာမှန်သမျှရဲ့ ရည်ရွယ်ချက်က လာမယ့် ရွေးကောက်ပွဲမှာ မဲရဖို့ချည်းသာဖြစ်နေတာ သိသာလွန်းလှတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းက ရိုဟင်ဂျာပြဿနာရဲ့ သဘောသဘာဝနဲ့ အကြောင်းရင်း ဇာစ်မြစ်အမှန်ကို တိတိကျကျ နားလည်မှုဖြစ်မယ်။ လူသားဆန်တဲ့ ရပ်တည်ချက်၊ လူ့အခွင့်အရေး ရှုထောင့်ကနေ ဆောင်ရွက်တာက ကောင်းတာပါ။ ဒါပေမယ့် နိုင်ငံတကာကနေ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်လည်ပြင်ဆင်ရေးတွေကိုသာ တောင်းဆိုနေကြတယ်။ ဒီလိုမျိုး နိုင်ငံတခုရဲ့ ပြည်တွင်းရေးကိစ္စကို တမင်သက်သက် ဝင်ရောက်စွက်ဖက်ခံခဲ့တဲ့ နိုင်ငံမျိုး မရှိပါ။

လူကုန်ကူးမှုဟာ စိန်ခေါ်မှုကြီးပဲလို့ အစိုးရက ထောက်ပြတဲ့အချက်ကို သဘောတူပါတယ်။ ဥပဒေချိုးဖောက်သူတွေကတော့ ပိုက်ဆံရရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ် လှေပေါ်တင် ခေါ်သွားကြမှာပဲ။ ဘယ်နိုင်ငံကလူတွေပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံသားတွေကိုပဲဖြစ်ဖြစ် ခေါ်သွားမှာပဲ။ ဒါပေမယ့် ဘာလို့ ရိုဟင်ဂျာကျမှ ပြဿနာတက်ရသလဲ။ ဘာလို့ ဗမာပြည်ကျမှ ပြဿနာဖြစ်ရသလဲ။ ဘင်္ဂလားဒေ့ရှ်ကိုကျတော့ ဘယ်သူမှ မပြောကြတာလဲ။

ပင်လယ်ပြင်က ဖမ်းဆီးမိတဲ့လူတွေကို နေရပ်ပြန်ပို့တာ ဘယ်သူ့ကိုမှ အထောက်အကူ မပြုပါဘူး။ သူတို့ဟာသူတို့ အခြေတကျ နေထိုင်ခဲ့တဲ့နေရာကို ဘာလို့ထွက်ပြေးလာခဲ့ကြတာလဲ။ ဘင်္ဂလားဒေ့ရှ်ကရော ဗမာပြည်ပါ သူတို့အတွက် ပဋိရူပဒေသ မဟုတ်လို့ပေါ့။ နှစ်နိုင်ငံလုံးရဲ့ အစိုးရတွေမှာ အများကြီးတာဝန်ရှိကြတယ်။

ပြင်ပက အဆမတန် ဖိအားပေးနေတာတွေ၊ အစိုးရက ဒီပြဿနာကို အကိုင်အတွယ် မှားတာတွေက အဲဒီ ကံဆိုးသူမောင်ရှင် ရိုဟင်ဂျာဆိုသူတွေကို ဘယ်လိုမှ ကယ်ရာရောက်မှာ မဟုတ်ပါ။ မမြင်ရတဲ့ နောက်ကွယ်က အားကောင်းတဲ့ လက်တံရှည်တွေ ရှိနေတယ်။ အစိုးရက နိုင်ငံကောင်းစားရေးကို ဂရုမစိုက်ပါ။ ဘယ်ဘာသာဝင်ဖြစ်နေနေ၊ ဘယ်နိုင်ငံသားဖြစ်နေနေ၊ နိုင်ငံသားဖြစ်ခွင့် ပေးလိုက်လို့ နိုင်ငံတကာက သြဘာလက်ခုပ်သံတွေနဲ့အတူ အာဏာဆက်လက် တည်မြဲနိုင်မယ်ဆိုရင် မဲပေးခွင့်ပေးလိမ့်မယ်၊ နိုင်ငံသားဖြစ်ခွင့် ပေးလိမ့်မယ်လို့ ထင်နိုင်ပါတယ်။

မဲအတွက်သာ သည်းသည်းမည်းမည်းလုပ်ကြရင် တိုင်းပြည် အမဲဖျက်တာ ခံရမည်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013