
ကရင်နီပြည်နယ်အတွင်း Starlink ဂြိုဟ်တုအင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး လက်ရှိမှာ စက်အချို့ လုံးဝအပြီးပိတ်သိမ်းခံရတာတွေ ရှိနေပါတယ်။
ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ကရင်နီပြည်နယ်မှာ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အဓိကအားထားနေရတဲ့ Starlink ဂြိုဟ်တုအင်တာနက်လိုင်း တချို့ဟာပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ကတည်းက ပြတ်တောက်နေတာ အခုဆို သီတင်းတပတ်နီးပါး ရှိလာနေပါပြီ။
လတ်တလော Starlink ဂြိုဟ်တုအင်တာနက်လိုင်းတွေ ပြတ်တောက်ရတဲ့ အကြောင်းရင်းဟာ ကုမ္ပဏီဘက်က Region block (နေရာဒေသ၊ နိုင်ငံအလိုက် ပိတ်ပင်) တဲ့ပုံစံမျိုးနဲ့ Starlink စက်တွေကို အသုံးပြုခွင့် ကန့်သတ်လိုက်တာကြောင့် ဖြစ်နိုင်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က သုံးသပ်ထားပါတယ်။
IEC အတွင်းရေးမှူး ၂ ဗညားခွန်အောင်က “အရင်တလ နှစ်လကတည်းက အားလုံးလည်း ကြားပြီးသား ဖြစ်မှာပါ။ Starlink တွေမှာ သူတို့ခေါ်တာ IP Registration တောင်းနေတယ်။ အဲဒါကို Registration ပြန်လုပ်မှပဲ ဆက်သုံးလို့ရမယ်ဆိုတဲ့ သတိပေးချက်တွေ ရှိခဲ့ဖူးတယ်။ ကျနော် ထင်တယ်၊ အဲဒီဟာရဲ့ အဆက်ပဲဖြစ်မှာပါ။ လက်ရှိကတော့ ဒီရက်ကတော့ တချို့ Starlink တွေ အပိတ်ခံရတာ အလုပ်မလုပ်လို့ဆိုတာတွေ ကြားတာရှိပါတယ်”လို့ ပြောပါတယ်။
မြေပြင်မှာ Starlink ဝန်ဆောင်မှုပေးနေတဲ့သူတွေက စက်တွေမပိတ်ခင် သတိပေးစာတွေ အရင်ဝင်လာတယ်လို့ ဆိုပါတယ်။
သတိပေးစာတွေထဲမှာ ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ် ဆိုတဲ့ အကြောင်းအရင်းလည်း ပါဝင်နေပြီး ဝန်ဆောင်မှုပေးနေတဲ့သူတွေကတော့ အင်တာနက်ကွန်ရက်ကို အသုံးပြုပြီး ခိုးဆော့နေကြတဲ့ အွန်လိုင်းစလော့လောင်းကစားဂိမ်းတွေကြောင့် ကုမ္ပဏီဘက်က ပိတ်သိမ်းနိုင်တာ ဖြစ်မယ်လို့ ဒီးမော့ဆိုမှာ Starlink ဝန်ဆောင်မှုပေးနေတဲ့သူတယောက်က ပြောပါတယ်။
“ကျမဆီမှာ တလုံး ပိတ်သွားပါပြီ။ ပြီးခဲ့တဲ့ တနေ့က မနက်ကတည်းက လုံးဝကြီး ပိတ်သွားတာ ဘာမှ လုပ်လို့မရတော့ဘူး။ ဝယ်တဲ့သူဆီ မေးတော့လည်း သူတို့လည်း မတတ်နိုင်ဘူး၊ အဖြေမသိသေးဘူးလို့ ပြောတာပဲ။ ကျမကိုယ်တိုင် သုံးသပ်ကြည့်တာကတော့ Starlink က မြန်မာနိုင်ငံမှာ တရားမဝင်တာ တကြောင်း၊ နောက်တခုက အဓိက စလော့ဂိမ်းတွေ ဆော့တာကြောင့် ဖြစ်နိုင်တယ်။ မဆော့နဲ့လို့ ပြောလည်း တချို့က ခိုးဆော့ကြတယ်။ အဲဒါ သူတို့နည်းပညာနဲ့ သိသွားလို့ ပိတ်တာ ဖြစ်မယ်လို့ ထင်ပါတယ်။"
အွန်လိုင်းစလော့လောင်းကစားဂိမ်းတွေကြောင့် အပိတ်ခံရတာလို့ ယူဆကြသလို တဖက်မှာလည်း မြန်မာနိုင်ငံဟာ Starlink ဝန်ဆောင်မှု တရားဝင်ရရှိထားတဲ့နိုင်ငံ မဟုတ်တဲ့အတွက် ကရင်နီဒေသအတွင်း သုံးစွဲနေတဲ့ စက်အများဟာ ဖိလစ်ပိုင် အပါအဝင် တခြားအိမ်းနီးချင်းနိုင်ငံတွေရဲ့ ဒေသအကောင့်တွေကို ယူသုံးထားတာကြောင့် နည်းပညာအရ ကန့်သတ်ပိတ်ပင်မှုတွေ ကြုံတွေ့နိုင်တာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ထင်ကြေးပေးနေကြပါတယ်။
ဒေသခံတယောက်က “ဥပမာ ကျနော်တို့က ဖိလစ်ပိုင်ကဆိုတော့ ဖိလစ်ပိုင်မှာ မဟုတ်ဘူးလေ။ အဲဒီလိုမျိုးတွေပေါ့၊ ကျနော်တို့ ကရင်နီကနေ ဖိလစ်ပိုင် Region ကို ယူသုံးထားတာဆိုတော့ အဲဒီလိုမျိုးတွေမှာ နည်းနည်းပြဿနာရှိတာပေါ့။ လောလောဆယ်တော့ အဲဒီလိုပေါ့ဆိုပြီး အကုန်လုံး ထင်ကြေးပေးနေကြတာပဲ၊ ဘယ်သူမှ ဘာမှတော့ အတပ်မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။
Starlink စက် လိုင်းပြတ်တောက်တာတွေနဲ့ အပြီးပိတ်ခံရတာတွေကြောင့် ဒေသတွင်း ဆက်သွယ်ရေး၊ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးနဲ့ ငွေသွင်းငွေထုတ်လုပ်ငန်း လုပ်ကိုင်သူတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့စပြီး ကရင်နီပြည်နယ် အပါအဝင် မြန်မာပြည်က Starlink အသုံးပြုနေတဲ့ ဒေသတချို့မှာ Starlink ဝန်ဆောင်မှုတွေ ကန့်သတ်ခံနေရတာ ဖြစ်ပါတယ်။










