DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှုသက်သေစစ်ဆေးရန် ထိုင်းမှုခင်းဆေးသိပ္ပံဌာနမှ အချက်အလက် လုံလောက်စွာ မရသေး
DVB
·
June 2, 2015
လိပ်ကျွန်းလူသတ်မှုသက်သေစစ်ဆေးရန် ထိုင်းမှုခင်းဆေးသိပ္ပံဌာနမှ အချက်အလက် လုံလောက်စွာ မရသေး
Donate to DVB

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ ဗြိတန်နိုင်ငံသား ၂ ဦးအသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လာမယ့်လအတွင်း တရားခွင် ရင်ဆိုင်ရတော့မှာ ဖြစ်ပေမယ်လည်း အမှုအတွက် အရေးပါတဲ့ ဒီအန်အေ ပြန်လည်စစ်ဆေးချက်ကို မဆောင်ရွက်နိုင်သေးဘူးလို့ ထိုင်းရှေ့နေများ ကောင်စီက ပြောပါတယ်။

လူသတ်မှုကို မြန်မာအလုပ်သမား လူငယ် ၂ ဦးက ကျူးလွန်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီအန်အေ အထောက်အထားနဲ့ စွဲကိုင်စွပ်စွဲထားတဲ့အတွက် စွပ်စွဲခံရသူဘက်က ပြန်လည်စစ်ဆေးခွင့်ရဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်းမှုခင်းဆေးသိပ္ပံဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ ဖွန်းထစ်ပ် လိုအပ်တဲ့ အချက်အလက်တွေကို ရဲတပ်ဖွဲ့က မပို့ပေးသေးဘူးလို့ စွပ်စွဲခံမြန်မာလူငယ် ၂ ဦးဘက်က ချေပပေးမယ့် ရှေ့နေများအဖွဲ့ခေါင်းဆောင် နခွန်း ချူမ်းဖူးချတ်က ဒီဗွီဘီကို ပြောပါတယ်။

“ထိုင်းရဲဘက်က တင်ပြထားတဲ့ ဒီအန်အေကို ပြန်ပြီးစစ်ဆေးဖို့ ဒေါက်တာဖွန်းထစ်က နောက်ထပ် သက်သေခံပစ္စည်းတွေ ထိုင်းရဲတပ်ဖွဲ့ကို တောင်းထားတာ မရသေးဘူးလို့ ပြော တယ်။ ကျနော်တို့က လာမယ့် ဇူလိုင်လ ၈ ရက် အမှုစစစ်တဲ့ နေ့အမီ လိုချင်တာလေ။ ပြီးတော့ တရားရုံးကလည်း အစက ပြန်စစ်ခွင့်ပြုမယ်လို့ပြောတယ်။ ကျနော်တို့လည်း ၀မ်းသာတယ်ပေါ့ ဒါမျိုး ပြန်စစ်ခွင့်ပြုတာ အရင်က မရှိဖူးဘူးလေ။ ဒါပေမယ့် လာမယ့်လ ၈ ရက်ကျမှ မှုခင်းဆိုင်ရာ ဆေးသိပ္ပံ ပြန်စစ်ဖို့ အမိန့်စာထုတ်ပေးမယ်လို့ ပြောတော့ ကျနော်တို့ လိုလားချက် အပြည့်အ၀မဖြစ်ဘူးပေါ့။”

တကယ်လို့ ဒီအန်အေကို ပြန်မစစ်ဆေးနိုင်ဘူးဆိုရင် စွပ်စွဲခံရသူတွေအတွက် ခုခံပေးနိုင်ဖို့ အဟန့်အတားတစ်ခု ဖြစ်စေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီအမှုအတွက် လိုက်လံဆောင်ရွက်ပေးဖို့ မြန်မာသံရုံးက တာဝန်ပေးထားတဲ့ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်ကတော့ သူ့ရဲ့ရှေ့နေအတွေ့အကြုံပေါ် မူတည်ပြီး ခုလိုပြောဆိုပါတယ်။

“တရားခွင်မှာ တရာစွဲတဲ့အခါ အပိုင်း ၂ ပိုင်း ရှိပါတယ်။ ပထမ စွဲချက်မတင်မီအဆင့်မှာ တရားလိုဘက်က တင်ပြတဲ့ အထောက်အထားတွေ စစ်တယ်။ အဲဒီအချက်တွေခိုင်လုံမှ ဘယ်ပုဒ်မနဲ့ စွဲဆိုမ လဲဆိုတာ စွဲချက်တင်ရတာပါ။ အဲဒီအချိန်ကျမှ ကျနော်တို့က တရားခံတွေ ဘက်ကနေ သက်သေတွေနဲ့ ခုခံချေပရတာဖြစ်တယ်။ အခုက အဲဒီအဆင့်ကို မရောက်သေးဘူး။ တရားလိုဘက်က သက်သေတွေ စစ်ဆေးနေဆဲဖြစ်တယ်။”

တရားလိုပြသက်သေဘက်က တင်ပြချက်ထဲမှာ ဒီအန်အေ နဲ့ အရာဝတ္ထု ပစ္စည်းတွေ အပါအ၀င် လူသက်သေ ၆၅ ဦးပါ တင်သွင်းထားတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

အဲဒီအချက်တွေထဲက ဒီအန်အေ စစ်ဆေးချက်ဟာ သံသယဖြစ်ဘွယ်ရာရှိသလို မှုခင်းဆေး သိပ္ပံဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ထားခြင်းမရှိတဲ့အတွက် ပြန်လည်စ စ်ဆေးပေးဖို့ စွပ်စွဲခံလူငယ် မြန်မာလူငယ် ၂ ဦးဘက်က ရှေ့နေတွေ တောင်းဆိုထားတာပါ။

တကယ်လို့ မှုခင်းဆေးသိပ္ပံဌာနက တောင်းထားတဲ့ နောက်ထပ်သက်သေတွေကို ရဲတပ်ဖွဲ့က မပေးနိုင်ရင် မှုခင်းဆေးသိပ္ပံကလည်း ထောက်ခံချက်ပေးနိုင်မှာ မဟုတ်ကြောင်း၊ တရားသူကြီးက တရားလိုဘက်က တင်ပြတဲ့ သက်သေတွေကို ယုံကြည်ရင်တော့ စွပ်စွဲခံရသူတွေကို ပုဒ်မတပ်ပြီး တရားစွဲမှာဖြစ်ကာ သူတို့ဘက်က မျက်မြင်သက်သေ ၃၁ ဦး နဲ့ ပြန်လည်ချေပသွားမှာ ဖြစ်တယ်လို့ ဦးအောင်မျိုးသန့်က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိသျှလူမျိုး ၂ ဦး လိပ်ကျွန်းပေါ်မှာ အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုဇော်လင်း နဲ့ ၀င်းဇော်ထွန်း တို့ ၂ ဦးဟာ ကော့စမွီအကျဉ်းထောင်မှာ စွပ်စွဲဖမ်းဆီးခံထားနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013