
သရုပ်ဆောင် ထားထက်ထက်၊ ဒေါင်း နဲ့ မင်းမော်ကွန်းတို့ ဦးဆောင်ပါဝင်တဲ့ တော်လှန်ရုပ်ရှင် “RAY” ဇာတ်ကားကို အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာ ဒေသစံတော်ချိန် ဇူလိုင် ၂၅ ရက်နေ့က ပွဲဦးထွက် ပြသခဲ့ပါတယ်။
စာရေးဆရာ ခက်ဇော်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ဒါရိုက်တာ သည်ခေတ်နေ ဖန်တီးပုံဖော်ပြီး မြေပြင်က တော်လှန်ရေးရဲဘော်တွေရဲ့ ဖြစ်ရပ်မှန် ကြိုးစားအားထုတ်မှုနဲ့ အခက်အခဲတွေကို ဂုဏ်ပြုမှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
ဇာတ်ကားပါ ဖော်ပြချက်တွေဟာ မြန်မာနိုင်ငံအတွင်း မိသားစုထောင်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်တွေကို ပေါ်လွင်စေမဲ့ မှတ်တမ်းတွေ ပါဝင်ပြီး နိုင်ငံတကာက မြန်မာပြည်အရေးကို မမေ့လျော့စေဖို့ ရည်ရွယ်ထားတာ တွေ့ရပါတယ်။
လာရောက်ကြည့်ရှုတဲ့ ပရိသတ်တယောက်ဖြစ်သူ ကျော်ကျော်လေး က “အချိန်က ၂၀၂၁ ကနေ အခုအချိန်ထိဆိုရင် တဖြည်းဖြည်းလေးနဲ့ တချို့လူတွေက သွေးအေးသွားကြတယ်ပေါ့နော်။ တော်လှန်ရေးက ထွက်သွားတယ်လို့ ပြောတာမဟုတ်ပါဘူး။ နည်းနည်းသွေးအေးသွားကြတယ်။ သွေးအေးတဲ့လူတွေလည်း ပြန်လာပြီး ကြည့်သင့်ပါတယ်။ အနုပညာအားအရရော သူတို့တွေ စိတ်ဓာတ်ပိုင်းအရရော ဘယ်လောက်ကြိုးစားထားတာလဲ။ နောက် ဒီကားလေးဟာ ဘာလေး ထူးခြားလဲဆိုတော့ အရင်တော်လှန်ရေးကားတွေနဲ့ မတူဘဲ စခရစ်တွေက အရမ်း ကောင်းလာတယ်။ သေသေချာချာ ရေးထားတာ တွေ့ရတယ်။ ပုံမှန် တော်လှန်ရေးကားလိုမျိုးတောင် မဟုတ်ဘဲနဲ့ကို Production တခု ရိုက်ထားတဲ့ပုံစံမျိုးနဲ့ကို စကားလုံးတွေရော၊ ကင်မရာ အယူအဆတွေရော၊ ကာလာချိန်တာတွေရော Action တွေရော၊ အနုပညာရသပိုင်းအရလည်း အရမ်းကို ပေးဆပ်နိုင်တဲ့ကားလေး ဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးကို အားပေးတဲ့အတွက်ရော အနုပညာကို ကြိုက်နှစ်သစ်လို့ အားပေးတဲ့သူတွေအတွက်ပါ အင်မတန်မှ ကြည့်သင့်တဲ့ ကားလေးလို့ ကျနော်က ပြောချင်ပါတယ်”
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့တွေမှာ ပြသပြီး အောင်မြင်မှုရခဲ့တဲ့ “RAY” ဇာတ်ကားကို အမေရိကန်နိုင်ငံ၊ Boston မြို့နဲ့ နယူးဇီလန်နိုင်ငံ Auckland မြို့မှာ တပြိုင်တည်း ပြသနေတာဖြစ်ပြီး ဩဂုတ်လမှာ ကနေဒါနိုင်ငံ၊ စက်တင်ဘာလမှာ ဂျပန်နိုင်ငံတို့မှာ ဆက်လက်ပြသမှာဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌ ဒေါ်တင်တင်ညို က “ဘော်စတွန်က တကယ့်တကယ်ကျတော့ မြန်မာကွန်မြူနတီက နည်းနည်းလေး။ အဲဒီတော့ ကျမက ဒီလောက်နည်းတဲ့ကွန်မြူနတီနဲ့ပေါ့နော် ပထမဆုံးအကြိမ် စပြီးပြရမှာကို စိတ်ထဲမှာ နည်းနည်းစိုးရိမ်တယ်။ ဒါပေမဲ့ အခု ဒီမှာရှိတဲ့လူတွေက အကုန်လာစုပြီးတော့ အားပေးကြလို့ ကျမ အရမ်းပဲဝမ်းသာရတယ်” လို့ ပြောပါတယ်။
တော်လှန်ရေးခရီးကို ဖြတ်သန်းနေရတဲ့ အမျိုးသမီးငယ်တယောက်အကြောင်း၊ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှုတွေနဲ့ လက်တွေ့ဘဝအခြေအနေ ဖြစ်ရပ်မှန်တွေကို စာရေးဆရာခက်ဇော်က ကျောရိုးယူ ဇာတ်လမ်းရေးထားတာပါ။
ပရိသတ်တယောက်ဖြစ်တဲ့ ဘုန်းပြည့်အောင် က “နည်းနည်းစိတ်ဓာတ်ကျလာတဲ့အချိန်မှာ ဒီလိုကားမျိုးကိုကြည့်ရတော့ ကျနော်တို့အတွက် စိတ်ခံစားမှုအပြည့်ပြန်ရတယ်။ ကျနော်တို့အတွက် သူတို့ဆိုရင်ပိုပြီးတော့ အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရပါလား။ အေးအေးဆေးဆေး နေလို့ရတဲ့ဘဝတွေကနေ မတရားအာဏာသိမ်းတဲ့စစ်အာဏာရှင်ကို သူတို့က ခက်ခက်ခဲခဲနဲ့ ရုန်းကန် တော်လှန်ပေးနေပါလား ဆိုတာမျိုးကိုကြည့်ပြီးတော့ ကျနော်တို့က ပိုပြီးတော့ ခွန်အားတွေရပါတယ်” လို့ ပြောပါတယ်။
"RAY" ရုပ်ရှင်ဟာ စစ်အာဏာရှင်ကို တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက် တဦးတယောက်ချင်းကို ကိုယ်စားပြုတယ်လို့ ဒါရိုက်တာ သည်ခေတ်နေက ပြောဆိုထားပြီး ဖျော်ဖြေရေးသက်သက်မဟုတ်ဘဲ အမှောင်ခေတ်မှာ ရှေ့တန်းကပေးဆပ်နေတဲ့ ရဲဘော်တွေကို ဂုဏ်ပြုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။











