DVB Logo
Home
Lead Story
တရားဥပဒေ စစ်မြေပြင်က ခွပ်ဒေါင်းများ...
DVB
·
June 2, 2015
တရားဥပဒေ စစ်မြေပြင်က ခွပ်ဒေါင်းများ...
Donate to DVB

၈ ကြိမ်မြောက် ရုံးထုတ်  (၂၆-၀၅-၂၀၁၅)

လက်ထိပ်လက်ထိပ်               ဖြုတ်ဖြုတ်

လက်ထိပ်လက်ထိပ်               ဖြုတ်ဖြုတ်

လက်ထိပ်လက်ထိပ်               ဖြုတ်ဖြုတ်

ကျနော်နဲ့ ကိုရန်နိုင်တို့ တရားရုံးရှေ့က မြင်ကွင်းတွေကို ရိုက်ကူးမှတ်တမ်းတင်နေတုန်း တရားရုံးဘေးဘက်က အသံတွေ ဟိန်း ဟိန်း ထွက်လာပါတယ်။

ခါတိုင်း ကျောင်းသားတွေ တရားရုံးကို ၀င်လာတိုင်း တိုင်နေကြ ကြွေးကြော်သံနဲ့ မတူသလို အသံဟိန်းထွက်လာပုံချင်းလည်း မတူဘူးဆိုတာ ကျနော် သတိပြုမိပါတယ်။

အခု ကျနော်ကြားနေရတဲ့ ကျောင်းသားတွေရဲ့ အသံတွေ၊ မိဘတွေရဲ့ အသံတွေဟာ နာကြည်းသံ၊ ဒေါသသံတွေ လွှမ်းနေပါတယ်။ ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲပြီးထွက်လာတဲ့ အသံတွေ ဖြစ်ပါတယ်။

ကျနော် တရားရုံးဘေးရောက်တော့ ကျနော်ထင်ထားတာထက် အခြေအနေက ပိုတင်းမာနေပါတယ်။

ကျောင်းသားတွေဟာ လက်ထိပ်ခတ်ထားတဲ့ လက်နှစ်ဖက်ကိုမြှောက်ရင်း ကြွေးကြော်သံတွေ အော်ဟစ်လာပါတယ်။ တချို့က ကျွတ်နေတဲ့ ပုဆိုးကို မနိုင့်တနိုင် မ လို့။ တချို့က  လည်ပင်းမှာချိတ်လို့။ တချို့က ပါးစပ်မှာ ကိုက်လို့။ ရဲအစောင့်တွေ အတင်း ဒရွတ်ဆွဲခေါ်နေတဲ့ကြားက ကျောင်းသားတွေဟာ စောင့်ကြိုနေတဲ့ မိဘနဲ့ ၀န်းရံတွေဘက်ကို လှည့်ပြီး အော်ဟစ်တိုင်တည်ပါတယ်။

“အစိုးရက စစ်တပ်ပုံစံအတိုင်း လုပ်နေတယ်၊ ကျောင်းသားတွေကို ရန်သူလို သဘောထားနေတယ်။” ကျောင်းသားခေါင်းဆောင် ကိုသီဟ၀င်းတင်က လက်ထိပ်ခတ်ထားတဲ့ လက်နှစ်ဖက်ကို မြှောက်ရင်း အော်ပြောပါတယ်။ ရဲတွေ အတင်းဆောင့်ဆွဲ ခေါ်သွားတဲ့အခါ  ၀ရုန်းသုံးကား ပါသွားပါတယ်။ လက်တဖက်က ကိုင်ထားတဲ့ ပန်းစည်း၊ ပန်းပွင့်တွေ လွင့်စင်ကုန်ပါတယ်။

မိဘတွေနဲ့ ၀န်းရံသူတွေရဲ့ ဒေါသဟာ ပေါက်ကွဲသွားပါပြီ။ သံဇကာတွေကို ဆွဲဖြုတ်ကြ။ လက်သီးလက်မောင်းတန်းကာ အော်ကြ ဟစ်ကြ။

လူစိတ်ရှိပါ

ကိုယ်ချင်းစာပါ

လူတွေကို မစော်ကားနဲ့

စတဲ့ ရင်ထဲက နာကြည်းသံတွေ ပွင့်ထွက် ဆူညံသွားတယ်။

လက်ထိပ်တန်းလန်း၊ ပုဆိုးမနိုင့်တနိုင် မ ရင်း  ရဲတွေ ခေါ်ရာနောက်ကို ဒရွတ်တိုက်ပါသွားတဲ့ သားကို မြင်ရတဲ့ မိခင်တယောက်ဟာ အရေးပေါ်ကာထားတဲ့ သံဇကာတွေကို ဒေါသတကြီးနဲ့ ဆွဲဖြုတ်နေပါတယ်။ သူ့လိုပဲ အခြားမိခင်တွေဟာ ထဘီစွန်တောင်စွဲရင်း ရင်ထုမနာ အော်ဟစ်နေပါတယ်။ မျက်ရည်တွေပေါက်ပေါက်ကျလို့။

“သားရေ အမေရှိတယ် . . .  သားရေ အမေရှိတယ်”

ရဲတွေဆွဲခေါ်ရာကို ဒရွတ်တိုက်ပါသွားတဲ့ သားကို မျက်ရည်ဝဲ၀ဲကြားက ကြည့်ရင်း ၀မ်းနည်း ကြေကွဲသံကြီးနဲ့ လှမ်းခေါ် အားပေးနေပါတယ်။

ကမ္ဘာငယ်ကလေးတခု ပျက်နေသလိုပါပဲ။ အခြေအနေက ၀ရုန်းသုန်းကားပါ။

“တရားခွင်ထဲရောက်တဲ့ထိ လက်ထိပ်ခတ်တယ်၊ နောက် … ဆွဲလားရမ်းလား လုပ်လာတဲ့အတွက် အဲဒီလိုဖြစ်တာ” ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က မှတ်ချက်ပေးပါတယ်။

ဗကသ ကျောင်းသားတွေ၊ ရှေ့နေတွေ၊ နိုင်ကျဉ်းဟောင်းတွေ၊ ဘုန်းတော်ကြီးတွေ၊ ၈၈ မျိုးဆက်တွေ ၀င်ရောက်ထိန်းသိမ်းလိုက်တဲ့အတွက် အခြေအနေ တည်တည်ငြိမ်ငြိမ် ဖြစ်သွားပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုသန်းထိုက်က လက်ထိပ်တန်းလန်းနဲ့...

“အရင်အစိုးရ အတိုင်းပဲ ကျနော်တို့ကို ဖိနှိပ်မယ်၊ နှိပ်ကွပ်မယ် ကျနော်တို့ကလည်း ရင်ဆိုင်မယ် ဖွင့်ချမယ်”

အီးယူသံတမန်ကလည်း ရဲတွေဟာ အီးယူက သင်ပေးထားတဲ့နည်းအတိုင်း ဖြိုခွဲပါတယ်ဆိုတာကို ကျကျနန နားထောင်ဖို့ တရားခွင်ထဲကို ရောက်နေပါပြီ။

တရားလိုရဲမှူးရဲ့ ထွက်ချက်မှာတော့ အဓိက က ရဲတွေဘက်က ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်။ ကျောင်းသားတွေဘက်က အကြမ်းဖက်မှုတွေရှိတယ်လို့ ထွက်ဆိုသွားပါတယ်။

ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က အမေရိကန် သမ္မတဟောင်း ဘွစ်(ရှ်)က ပေးလိုက်တဲ့ အားပေးစာကို လက်တဖက်ကကိုင်ရင်း သတင်းထောက်တွေကို တရားရုံးခဏနားချိန်မှာ ပြောပြပါတယ်။

“ဒီနေ့ တရားလို ရဲမှူး ဖုန်းမြင့် ကို ဆက်စစ်ပါတယ်။

မတ်လ ၁၀ ရက်နေ့မှာ သူက လူစုခွဲဖို့ လော်စပီကာနဲ့ကြေညာတယ်။ ဒါပေမယ့် ကျောင်းသားတွေဘက်က မလိုက်နာတဲ့အတွက် သပိတ်အဖွဲ့ကို ဖြိုခွဲတာလို့ ထွက်ဆိုသွားတယ်။

ဒါနဲ့ပတ်သက်လို့ ကျောင်းသားဘက်က ရှေ့နေတွေက ပြန်လှန်မေးခွန်း ထုတ်တဲ့အခါ ဘယ်သူ့ကို ဘယ်လိုဖမ်းတယ်ဆိုတာ မပြောနိုင်ခဲ့ဘူး” လို့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ဆိုပါတယ်။

“အမှုတည်ဆောက်ရာမှာ မခိုင်လုံတာတွေ အများကြီးပါတယ်။ အက်ဖိုင်အာ (FIR) ဖွင့်တဲ့အခါမှာ လူစာရင်းနဲ့ တွဲဖွင့်ရမယ့်အစား အခုမှ သက်သေခံ တင်လာတာတွေရှိတယ်။ လုပ်ထုံးလုပ်နည်း အားနည်းချက်တွေရှိတယ်။  x x x ရဲလိုလားသူတွေဘက်က စပြီး အကြမ်းဖက်တယ်ဆိုတာကို ထိမ်ချန်ပြီး ထွက်သွားတာကို တွေ့ရတယ်။” လို့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“လောလောဆယ်တော့ ကျမတို့ကို လွှတ်ဖို့မရှိသေးဘူး။ သေချာပေါက်က ကျမတို့ကို ဘယ်နည်းနဲ့မှ လွတ်ထွက်မသွားအောင် ဆင့်ကာ ဆင့်ကာ စွဲဆိုထားတဲ့ ပုံစံမျိုးတွေတော့ ရှိပါတယ်။” သတင်းထောက်တွေက လက်ရှိတရားစီရင်နေတဲ့ အခြေအနေကို မေးမြန်းရာမှာ မဖြိုးဖြိုးအောင်က ဖြေကြားသွားပါတယ်။ သူ့အမူအရာက အဆိုးဆုံးတွေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားတဲ့ပုံ ရပါတယ်။ အသံကလည်း အေးအေးဆေးဆေး ပြတ်ပြတ်သားသားပါ။

ခရိုင်တရားသူကြီးရုံးခန်းမှာ ခရိုင်တရားသူကြီးနဲ့ ဒီဗွီဘီသတင်းဌာနတို့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ အသက် လေးဆယ်ကျော် ဥပဓိရုပ် ခန့်ခန့်သန့်သန့် ခရိုင်တရားသူကြီး ဦးကျော်စွာငြိမ်းက...

“ဒီအမှုကို စစ်ဆေးနေတာက သာယာဝတီ တရားသူကြီးပါ။ သာယာဝတီ တရားသူကြီး စစ်ဆေးနေတဲ့အမှုကို အနီးကပ်ဆုံးဖြစ်တဲ့ ကျနော် ခရိုင်တရားသူကြီးတောင် ၀င်ရောက်စွက်ဖက်မှု မရှိပါဘူး။ အမှုပေါ်ပေါက်ချက်၊ သက်သေတွေရဲ့ ထွက်ဆိုချက်နဲ့အညီ ဆင်ခြင်တုံတရားနဲ့ လွတ်လပ်စွာ တရားစီရင်သွားမှာ ဖြစ်ပါတယ်။ တဆက်တည်း ပြောချင်တာက ကျနော်တင်မဟုတ်ပါဘူး၊ တိုင်းဒေသကြီး တရားလွှတ်တော်ရယ်၊ အနီးကပ်မှာရှိတဲ့ အုပ်ချုပ်ရေးဌာနတွေလည်း စွက်ဖက်မှုမရှိဘူးဆိုတာ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။” လို့ အေးအေးဆေးဆေး ရှင်းပြပါတယ်။

"အုပ်ချုပ်ရေးဘက်က ၀င်ရောက်မစွက်ဖက်ဘူးဆိုရင် ဒီအမှုဟာ ဆရာတို့နိုင်မှာပါ” လို့ ကျောင်းသားတွေဘက်က လိုက်လံဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးကြီးမြင့်က ယုံကြည်မှုအပြည့်နဲ့ ဒီဗွီဘီသတင်းထောက် ကိုဉာဏ်ကြီးကို ပြောပါတယ်။

တရားစီရင်ရေးဟာ လွတ်လပ်ပွင့်လင်း မျှတာမှု မရှိဘူးဆိုရင်၊ ဗြဟ္မစိုရ်တရားလေးပါးနဲ့ ကင်းကွာနေမယ်ဆိုရင် လူတိုင်း အသက်နဲ့လဲပြီး ကာကွယ်ရမယ့် အခြေခံအခွင့်အရေးတခုပဲ ရှိပါတော့မယ်။ အဲဒီအခွင့်အရေးကတော့ မတရားတဲ့ ဥပဒေနဲ့ တရားစီရင်ရေးကိုအာခံဖို့ အခွင့်အရေးပဲ ဖြစ်ပါတယ်။

သားကြီးမောင်ဇေယျ

၃၁-၀၅-၂၀၁၅

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013