
စစ်ကိုင်း-မကွေး-ချင်း လမ်းပန်းဆက်သွယ်ရေးမှာအရေးပါတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းမှာ စစ်အာဏာရှင်တပ်က အင်အား ၁,၀၀၀ ဝန်းကျင်နဲ့ ရွာတွေကို လှည်လည်ပြီး နေ့စဉ်ထိုးစစ်ဆင်ဖို့ ကြိုးစားနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၃ ရက်မှာ စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတရာထူးကို ဖန်တီးရယူပြီးနောက် စစ်ကိုင်းတိုင်းတခုလုံးကို ရက် ၁၀၀ စီမံကိန်းနဲ့ နယ်မြေပြန်ထိန်းချုပ်ဖို့ အင်အားသုံး ကြိုးစာနေတာပါ။
ယင်းမာပင်ခရိုင် ဆားလင်းကြီး၊ ပုလဲ၊ ကနီ၊ ယင်းမာပင်မြို့နယ်တွေကို ဖိအားပေးနယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေပြီး တော်လှန်ရေးအစုအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ရှိနေတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်တာဝန်ရှိသူ ကိုစိုးဝင်းဆွေက ပြောပါတယ်။
“အင်အား သူတို့ ၅၀၀ လောက်သုံးတယ်၊ ပြီးတော့ ယင်းမာပင်ခရိုင်မှာဆိုရင် အရင်ကတည်းကထိုင်ထားတဲ့ အင်အားရောဆိုရင်တော့ အင်အား ၁,၀၀၀ ဝန်းကျင်လောက်နဲ့ ဒေသတွင်းမှာသူတို့ လှည့်ပတ်ပြီးတော့ စစ်ကြောင်းထိုးနေတာရှိတယ်။ ကနီဘက်မှာဆိုရင်တော့ အဓိက ယာကြီး-ကလေးဝကို သူတို့အားပြုပြီးတော့ အဲ့ဒီလမ်းပိုင်းကို ပြန်စိုးမိုးနိုင်ဖို့ သူတို့လုပ်နေတဲ့ပုံစံမျိုးပေါ့၊ ယင်းမာပင်ထဲမှာတော့ သူတို့ နယ်တော်တော်လှည့်တယ်၊ တရွာဝင်တရွာထွက် ပုံစံမျိုး၊ ပြီးတော့ အဓိကကျတဲ့ လမ်းဆုံလမ်းခွရွာတွေကို သူတို့ထိုင်ချင်တဲ့ သဘောတော့ရှိတယ်။ ပုလဲဘက်မှာဆိုရင်လည်း သူတို့ရဲ့ အခံရှိပြီးသားပေါ့။ ဇီးဖြူကုန်းပျူရွာတို့၊ အင်မထိပျူရွာတို့၊ နောက် သူတို့မင်းတိုင်ပင်မှာ အခြေစိုက်နေတဲ့အခါကြတော့ အဲ့ဒီမှာလည်း အင်အားဖြည့်တာတွေရှိတယ်။ မင်းအောင်လှိုင်ရဲ့ ရွေးတုအစိုးရတက်လာပြီးတော့ ရက် ၁၀၀ အတွင်းမှာ စစ်အင်အားတိုးမြှင့်ပြီးတော့ သူတို့လှုပ်ရှားလာတာတွေတော့ ရှိတယ်ပေါ့။"
စစ်တပ်က ဆက်တိုက်ထိုးစစ်ဆင်နေတာကို ဒေသကာကွယ်ရေးအဖွဲ့တွေက ခုခံတာတွေရှိနေပေမဲ့ သတင်းထုတ်ပြန်မှုမရှိတာကြောင့် ဒေသတွင်းအခြေအနေကို မှန်းဆရခက်ခဲ့တာပါ။
စစ်တပ်ဝါဒဖြန့်မီဒီယာတွေကတော့ ဒီအခြေအနေကိုအသုံးချပြီး ဒေသတွင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အများအပြားကျဆုံးနေပြီး နယ်မြေထိန်းချုပ်နိုင်ဖို့ နီးစပ်နေပြီလို့ ဆက်တိုက် ထုတ်ပြန်နေပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး ဒေသတွင်း သပိတ်အင်အားစုတွေနဲ့ ကာကွယ်ရေးအစုအဖွဲ့တွေက အခုလို တုံ့ပြန်ပါတယ်။
ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုဇော်ထက်က "တခြားစစ်ရေးကိစ္စတွေ အနေအထားတွေ ကတော့ စစ်ဆင်ရေးကဏ္ဏတွေကလည်း လုပ်ဆဲကာလဆိုတော့ ပြောလို့မရလို့ပါနော့" လို့ ပြောပါတယ်။
ယင်းမာပင်-ဆာလင်းကြီး ကျေးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီမှ ကိုလွမ်းသူက "ရက် ၁၀၀ သူတို့ကြေညာပြီးနောက်ပိုင်းမှာ ယင်းမာပင်ခရိုင်အတွင်း အတုံးအရုန်းသေတယ်ဆိုတာကတော့ မဟုတ်ဘူးပေါ့။ စစ်ကိုင်းအထက်ပိုင်းမှာဆိုရင်လည်း အင်မတန်မှ မဟာဗျူဟာကျတဲ့လမ်းပိုင်းတွေ သူစိုးမိုးဖို့ ကြိုးစားတဲ့အခင်းအကျင်းလိုဖြစ်တယ်၊ စစ်ကိုင်းအောက်ပိုင်းနယ်မြေတွေမှာလည်း တနည်းအားဖြင့် နယ်မြေစိုးမိုးမှု ပြန်လိုချင်တာပါပဲ။ လမ်းပိုင်းတွေကို ပြန်ထိန်းကျောင်းချင်တယ်၊ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်ချင်တယ်။ ပြီးရင်တော့ တော်လှန်ရေးအစုအဖွဲ့တွေနဲ့ ပြည်သူကြားကို သပ်လျှိုသွေးခွဲပြီးတော့မှ နယ်မြေစိုးမိုးမှုပြန်လုပ်ဖို့ ကြိုးစားတဲ့ အသွင်သဏ္ဌာန်ဖြစ်တယ်၊ စစ်ကိုင်းတိုင်းသည် အညာဒေသဖြစ်တယ်၊ အင်မတန် တော်လှန်ရေးအားကောင်းတဲ့ ဒေသဖြစ်တယ်။ တနည်းအားဖြင့် မုန်တိုင်းရဲ့ ဗဟိုချက်မဖြစ်တယ်။ အဲ့ဒီမုန်တိုင်းဗဟိုချက်မသာ သူတို့ပြိုပျက်အောင်လုပ်နိုင်ရင် အခြားဒေသဟာ သူတို့အတွက် လွယ်လင့်တကူ လုပ်လို့ရတယ်ဆိုတဲ့ စဉ်းစားချက်ရှိပုံပေါက်တယ်။ အဲ့ဒီအတွက်လည်း သူက ဒါကို မဟာဗျူဟာကျကျ ဆောင်ရွက်တယ်လို့ ကျနော် သုံးသပ်တယ်" လို့ ပြောပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေ ကျဆုံးတာနည်းပါးပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေတဆင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာများတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
နွေရာသီမှာ ရာသီဥတုဖောက်ပြန်ပြီး မိုးရွာတာကြောင့် စစ်ရှောင်ပြည်သူတွေအတွက် မိုးကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်မှု မြင့်မားနေတယ်လို့ ပြည်သူမှပြည်သူသို့ ပရဟိတအဖွဲ့မှ ကိုသက်ဦးက ပြောပါတယ်။
"ရာသီဥတုဖောက်ပြန်ပြီး မိုးရွာတဲ့အခါမှာ ကျန်းမာရေး ဖောက်ပြန်မှုတွေရှိတယ်။ နောက်ပြီးတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုက ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေ ပစ်ခတ်တာတွေက ကြုံတွေ့နေရတဲ့အခါမှာ စစ်ရှောင်တွေက ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေမှာ ရှောင်တာနည်းတယ်ပေါ့နော်။ တောစပ်မှာရှိတဲ့နေရာတွေကို တဲထိုးနေတာတို့၊ အခင်းအကျင်းတွေရှိတဲ့အခါမှာ အခက်အခဲကတော့ ကသီလင်တနိုင်တယ်။ နောက်ပြီးကြတော့ စစ်ရှောင်ကာလ ကြာလာတဲ့အခါမှာ ကိုယ်အိမ်ကိုယ်မပြန်ရတဲ့အခါ ရိက္ခာလုံလောက်မှုတွေ မရှိတော့ဘူး။ လှူတဲ့တန်းတဲ့သူတွေလည်း ရက်ရှည်လာတဲ့အခါမှာ နိုင်နိုင်နင်းနင်း ကူညီလှူဒါန်းနိုင်တာတွေ မရှိတဲ့ အခင်းအကျင်းတွေတော့ တွေ့ကြုံနေရပါတယ်။"
စစ်တပ်က မန္တလေးတိုင်း တကောင်းမြို့ကို မတ်လမှာ ပြန်သိမ်းယူပြီးနောက် စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်နဲ့ မော်လူးမြို့တွေကို ဧပြီလကုန်နဲ့ မေလဆန်းမှာ ဆက်လက်သိမ်းယူခဲ့ပါတယ်။
အဲ့ဒီကနေတဆင့် စစ်ကိုင်း-ကချင်နယ်စပ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတွေအထိ စစ်ဦးတည်နေတာပါ။ တပြိုင်တည်းမှာပဲ စစ်ကိုင်း-မကွေး-ချင်းနယ်စပ် လမ်းပန်းဆက်သွယ်ရေးမှာ အရေးပါတဲ့ ယင်းမာပင်ခရိုင်ကို ထိန်းချုပ်နိုင်ဖို့ စစ်အာဏာရှင်က ဆက်တိုက်ကြိုးစားနေတာဖြစ်ပါတယ်။











