DVB Logo
Home
Lead Story
ရွှေ့ပြောင်းဒုက္ခသည်တွေ တကယ်ပဲ ရပ်ဆိုင်းသွားနိုင်ပါ့မလား...
DVB
·
June 1, 2015
ရွှေ့ပြောင်းဒုက္ခသည်တွေ တကယ်ပဲ ရပ်ဆိုင်းသွားနိုင်ပါ့မလား...
Donate to DVB

မေလ ၂၉ ရက်မှာတော့ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တောင်အာရှနိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေအရေးကို အဖြေရှာ ဖြေရှင်းဖို့ နိုင်ငံတကာ ညီလာခံတရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေပြီ ဖြစ်ပါတယ်။

ဒီလိုညီလာခံကြီးကျင်းပဖို့ ဖြစ်လာရတာကတော့ ပြီးခဲ့တဲ့လအတွင်း ငတ်မွတ်ခေါင်းပါး၊ မျှော်လင့်ချက်ကင်းမဲ့နေကြတဲ့ လှေစီးဒုက္ခသည် ၃၀၀၀ ကျော်ဟာ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှားနိုင်ငံ ကမ်းခြေတွေကို ၀င်ရောက်လာခဲ့ကြပြီး အဲဒီနိုင်ငံတွေက လက်သင့်မခံ ပြန်နှင်ထုတ်ခဲ့ကြလို့ ပင်လယ်ပြင်မှာ အတိဒုက္ခရောက်ကြ၊ သေဆုံးကြသလို လူမှောင်ခို ကုန်ကူးသူတွေရဲ့လျှို့ဝှက်ထိန်းသိမ်းရေးစခန်းတွေမှာ ပိတ်လှောင်ခံရ၊ နာဖျားလို့၊ ညှဉ်းပန်းနှိပ်စက်လို့ သေဆုံးခဲ့ကြရသူတွေရဲ့ သချုင်္ိင်းရာတွေကို မလေးရှားနဲ့ ထိုင်းနယ်စပ်တွေမှာ တွေ့ရှိခဲ့ကြလို့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေခဲ့သလို ဒီလိုလှေစီးဒုက္ခသည်တွေ ထွက်ပေါ်လာစေတဲ့နိုင်ငံလို့ ယူဆရတဲ့ မြန်မာနိုင်ငံအစိုးရကိုလည်း မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့ လာရောက်ဆွေးနွေး တောင်းဆိုမှုတွေ လုပ်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ဒါကို လှေစီးဒုက္ခသည်အရေး တင်ပြခဲ့တဲ့ ကျနော့်ရဲ့ ရှေ့ဆောင်းပါးထဲမှာ ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ရဲ့ အဆိုအရ ၂၀၁၅ ခုနှစ် ပထမ ၃ လ အတွင်း အရှေ့တောင်အာရှ ဒေသအတွင်းမှာ လှေစီးရွှေ့ပြောင်းလာသူ ဒုက္ခသည် အရေအတွက်ဟာ ခန့်မှန်းခြေ ၂၅၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီလိုဖြစ်ရပ်တွေ ဖြစ်လာခဲ့တာ နှစ်နဲ့ချီကြာနေခဲ့ပြီ ဖြစ်ပေမယ့် အရှေ့တောင်အာရှနိုင်ငံတွေက အစိုးရအချင်းချင်း လူသိရှင်ကြား ဝေဖန်ပြောဆိုမှုမလုပ်တဲ့ မူဝါဒကြောင့် တိတ်တိတ်ဆိတ်ဆိတ် မသိသလို လျစ်လျူရှုထားခဲ့ကြတယ်လို့ ဆိုရမှာပါပဲ။ ဒါပေမယ့် ခုချိန်မှာတော့ ဒီလိုညီလာခံကြီး ကျင်းပလာရတဲ့အထိဖြစ်အောင် ရွှေ့ပြောင်းဒုက္ခသည် ပြသနာက ကြီးထွားလာခဲ့ပါပြီ။

ညီလာခံကို လက်ခံကျင်းပပေးတဲ့ ထိုင်းနိုင်ငံက သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ နယူးဇီလန်၊ ပါပူဝါနယူးဂီနီ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ အီရန်နိုင်ငံတို့ကို ဖိတ်ကြားခဲ့ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၇ နိုင်ငံက ကိုယ်စားလှယ်တွေက ရွှေ့ပြောင်းဒုက္ခသည်အရေးကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေက ကိုယ်စားလှယ်တွေကလည်း ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ၊ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာအေဂျင်စီနဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့တို့က ကိုယ်စားလှယ်တွေနဲ့အတူ လေ့လာသူအဖြစ် ဒီအစည်းအဝေးကို တက်ရောက်လာခဲ့ကြပါတယ်။

အဖွဲ့ဝင် ၅ ဦးပါ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ရှာဟီဒူလ်ဟိတ်က ဦးဆောင်ပြီး အိန္ဒိယက သမုဒ္ဒရာအတွင်း ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်သူများအရေး အထူးအစည်းအဝေးလို့ အမည်တပ်ထားတဲ့ အစည်းအဝေးကြီးကို တက်ရောက်လာပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ဒုက္ခသည်တွေထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလို့ စိစစ်တွေ့ရှိရသူတွေကို နိုင်ငံကို ပြန်ပြီးခေါ်ယူသွားမယ်လို့ အာမခံ ပြောဆိုခဲ့ပါတယ်။ နိုင်ငံခြားရေးဌာနရဲ့ သတင်းအရတော့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ တရားမ၀င် လာရောက်နေထိုင်နေကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် ၅၀၀၀၀၀ ရဲ့ အကျပ်အတည်းကို အလေးထား တင်ပြသွားမယ်လို့ ဆိုပါတယ်။ အမြဲတမ်းဖြစ်မယ့် အဖြေတခုရဖို့လည်း တောင်းဆိုသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်း ၃ ခုဖြစ်တဲ့ ယူအင်အိပ်ခ်ျစီအာ၊ အိုင်အိုအမ်နဲ့ ယူအင်အိုဒီစီတို့ ပူးပေါင်းပြီး အရှေ့တောင်အာရှ ဒုက္ခသည်များအရေး ကိုင်တွယ်ဖြေရှင်းဖို့ အချက် ၁၀ ချက်ပါ လုပ်ငန်းအစီအမံတခုကို အဆိုပြု တင်ပြသွားမယ်လို့ ယူအင်အိပ်ခ်ျစီအာက ပြောပါတယ်။ သက်ဆိုင်ရာအစိုးရတွေကို လူမှောင်ခိုတွေရဲ့လက်ထဲမှာ အသက်စွန့် လှေစီးထွက်ပြေးကြတဲ့လူတွေကို အကူအညီပေးရေးဟာ ဒေသဆိုင်ရာ စိန်ခေါ်မှုတခု ဖြစ်လာတဲ့အတွက် ခိုင်မာတဲ့ ဆောင်ရွက်မှုတွေ ချမှတ်ကိုင်တွယ် ဆောင်ရွက်ကြဖို့ တောင်းဆိုသွားမယ်လို့လည်း ယူအင်အိပ်ခ်ျစီအာ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

“ယူအင်အိပ်ခ်ျစီအာက မေလ ၂၉ ရက် အစည်းအဝေးကြီးမှာ ပါဝင်ဆွေးနွေးကြတဲ့ အစိုးရတွေအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့  ရွှေ့ပြောင်းဒုက္ခသည်တွေ ထွက်ပေါ်နေရတဲ့ အဓိကဇာစ်မြစ်ကို ရင်ဆိုင်ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ယူအင်အိပ်ခ်ျစီအာရဲ့ အကြီးတန်း ဒေသဆိုင်ရာ ပြန်ကြားရေးအရာရှိ ဗီဗီယန်တန်က ပြောပါတယ်။ သူက အဲဒီပူးပေါင်းဆောင်ရွက်မှုမှာ ပင်လယ်ပြင်က ဒုက္ခသည်တွေကို ကမ်းခြေကို ကယ်တင်ခေါ်ယူပြီး ဆေးဝါးကုသပေးဖို့၊ အစာရေစာပေးဖို့တွေ၊ ကယ်ဆယ်ရေး လုပ်ငန်းတွေလည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ အာရှညွှန်ကြားရေးမှူး ဘရက်အဒမ်ကတော့ “ဒေသဆိုင်ရာ အစိုးရတွေအနေနဲ့ ဒီကြေကွဲစရာ လူ့အဖြစ်အတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် အဖြေတွေအပေါ် သဘောတူညီမှုရဖို့ ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေနဲ့ အတူတွဲ အလုပ်လုပ်သင့်တယ်လေ” လို့ ပြောခဲ့ပါတယ်။ သူ့အဖွဲ့က ရွှေ့ပြောင်းဒုက္ခသည်တွေ တောင်းဆိုနေတဲ့ ဒုက္ခသည်အဆင့် သတ်မှတ်ရေးကို အကဲဖြတ်နိုင်ဖို့ ရွှေ့ပြောင်းဒုက္ခသည်တွေကို ကယ်ဆယ်ပေးမယ့် နိုင်ငံတကာ အသိအမှတ်ပြု ယူအင်အိပ်ခ်ျစီအာနဲ့ အိုင်အိုအမ်လို အဖွဲ့မျိုးတွေကို အတားအဆီးမရှိ ခြွင်းချက်မရှိ ၀င်ရောက်ခွင့်ပေးရေး တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ပြသနာရဲ့ အဓိကရင်းမြစ် နိုင်ငံအဖြစ် ရိုဟင်ဂျာတွအတွက် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ တခြားဝန်ဆောင်မှုတွေ ပေးအပ်ပြီး တရားမ၀င် ရွှေ့ပြောင်းမှုကို ကိုင်တွယ်ထိန်းချုပ်နိုင်ရေး အားထုတ်ကြိုးပမ်းပေးဖို့ တက်ရောက်လာတဲ့ နိုင်ငံတွေက ဖိအားပေးသင့်တယ်လို့လည်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောပါတယ်။

ဘရက်အဒမ်ကပဲ “သက်ဆိုင်ရာ အစိုးရတိုင်းက ထိရောက်တဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ပြီး ဒုက္ခသည်တွေရဲ့လိုအပ်မှုကို အကာအကွယ်ပေးရေး၊ လူမှောင်ခိုတွေကို အရေးယူ အပြစ်ပေးရေးနဲ့ ဒီ စိုးရိမ်စရာလူတွေ လှေစီးထွက်ပြေးရအောင် ဖြစ်လာတဲ့ ဇာစ်မြစ်အကြောင်းရင်းကို တကယ်ဆောင်ရွက်ကြမှသာ ဒီဒေသဆိုင်ရာ အစည်းအဝေးကြီး အောင်မြင်မှုရပါလိမ့်မယ်။” လို့ ပြောခဲ့ပါတယ်။

အခုတင်ပြခဲ့တဲ့ အချက်တွေက ဒေသဆိုင်ရာ အစည်းအဝေးကြီးကို တက်ရောက်လာခဲ့ကြတဲ့ နိုင်ငံကိုယ်စားလှယ်တွေနဲ့ လေ့လာသူအဖြစ် တက်ရောက်ကြမယ့် အဖွဲ့အစည်းတွေက သူတို့ပြင်ဆင်လာတဲ့ တင်ပြတောင်းဆိုမယ့် အချက်တွေ ပြောပြခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တန်း အစည်းအဝေး စပြီးကျင်းပ တင်ပြဆွေးနွေးကြတဲ့အချိန်မှာ ကုလသမဂ္ဂအဖွဲ့ကြီး အပါအ၀င် တက်ရောက်လာတဲ့ နိုင်ငံအများစုက ဒီရွှေ့ပြောင်းဒုက္ခသည်တွေ အခုလို အသက်စွန့် လူမှောင်ခိုကုန်ကူးသူတွေရဲ့လက်ထဲ အသက်ကို ၀ကွက်အပ် ထွက်ပြေးခဲ့ကြတဲ့ အရင်းခံ ပြသနာဟာ မြန်မာနိုင်ငံအစိုးရရဲ့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံ ဖိနှိပ် နှိပ်စက်မှုတွေကြောင့်သာ ဖြစ်ရတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ဒီကိစ္စကို အလေးအနက်ထား ကိုင်တွယ်ဆောင်ရွက်ဖို့၊ သူတို့ကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးလိုက်ဖို့ တိုက်တွန်း ပြောဆိုခဲ့ကြပါတယ်။

တက်ရောက်လာတဲ့ နိုင်ငံအများစုနဲ့ အဖွဲ့အစည်းအများစုရဲ့ လက်ညှိုးထိုးမှုကို မြန်မာနိုင်ငံက ခံခဲ့ရတယ်လို့ ပြောရမှာပါပဲ။ တကယ်တော့ ဒီအစည်းအဝေးကို အစက မြန်မာနိုင်ငံက မတက်ရောက်ဘဲနေဖို့တောင် စီစဉ်ထားခဲ့တာပါ။ မြန်မာစစ်အာဏာရှင် အစိုးရက ဒီလိုဖြစ်လာလိမ့်မယ်လို့ တွက်ဆထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အစည်းအဝေး မကျင်းပခင် မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံကို လာရောက်ဆွေးနွေးခဲ့သလို အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးကလည်း လာရောက်ဆွေးနွေး ပြောဆိုမှုတွေရှိလာ၊ နိုင်ငံတကာက အလေးထား ပူပင်တာတွေ ရှိလာတဲ့အတွက် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးတဲ့ ဒီအစည်းအဝေးကို မတတ်သာလို့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် အဆင့်ကိုပဲ စေလွှတ်တက်ရောက်စေခဲ့တာ ဖြစ်ပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းကလည်း ဒီရွှေ့ပြောင်းဒုက္ခသည်အရေးမှာ မြန်မာနိုင်ငံ တနိုင်ငံတည်းကိုပဲ လက်ညှိုးထိုး အပြစ်ပုံချတာကို လက်မခံနိုင်တဲ့အကြောင်း တုံ့ပြန်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ အမှန်တကယ် လူကုန်ကူးမှုတိုက်ဖျက်ရေးကို ကြိုးစားဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်း ချေပ ပြောဆိုသွားခဲ့ပါတယ်။

သူက “အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းမှာ သူ့စိန်ခေါ်ချက်၊ သူ့ပြသနာနဲ့သူ ရှိနေကြပါတယ်။ ဒါပေမယ့် တချို့ကိစ္စတွေကတော့ သူ့နိုင်ငံရဲ့ ပြည်တွင်း စီရင်ဆုံးဖြတ်ခွင့်ထဲမှာသာ ရှိနေပါတယ်။” လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံ အစိုးရကလည်း ဒုတိယ၀န်ကြီးတဦး ဦးဆောင်တဲ့ ကော်မတီတခုကို ဖွဲ့စည်းပြီး လူကုန်ကူးမှု ရပ်ဆိုင်းသွားရေး ဆောင်ရွက်နေပြီ ဖြစ်တဲ့အကြောင်း၊ အစိုးရရဲ့ လုပ်ရပ်တွေထက် လူကုန်ကူးသူတွေကြောင့်သာ ဖြစ်ရတာ ဖြစ်တယ်လို့ ရှောင်တိမ်း ဆွေးနွေးသွားခဲ့တာ တွေ့ရပါတယ်။

တက်ရောက်လာတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အင်းရစ်ချတ်ကတော့ သူ့နိုင်ငံက ဒီကိစ္စကို ဒေသဆိုင်ရာ အစိုးရတွေ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ယူအင်အိပ်ခ်ျစီအာ ဦးဆောင်တဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်ကို ဆက်ပြီး ပံ့ပိုးကူညီသွားမယ့်အကြောင်း၊ ဒေသဆိုင်ရာ ပင်လယ်ပြင်ထဲမှာ ပိတ်မိနေတဲ့ လှေစီးဒုက္ခသည်တွေကို ရှာဖွေကယ်ဆယ်ပေးဖို့ လေကြောင်းက စောင့်ကြည့်ပျံသန်းမှုတွေကိုပါ လုပ်ပေးမယ့်အကြောင်း ပြောကြားသွားခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ်တွေကတော့ အဓိကဇာစ်မြစ် ပြသနာကို ကိုင်တွယ်ဖြေရှင်းကြဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

အစည်းအဝေး မစခင်ကတည်းက မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံက လူသားချင်း စာနာထောက်ထားမှုအရ လှေစီးဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ မူဝါဒကို ပြင်ဆင်ပြီး လူဦးရေ ၇၀၀၀ ကို လက်ခံပေးမယ့်အကြောင်း၊ ဒုက္ခသည်တွေကို ရှာဖွေကယ်ဆယ်ပေးမှာဖြစ်ပြီး ဖမ်းဆီးအရေးယူမှာ မဟုတ်တဲ့အကြောင်း တရားဝင် ထုတ်ပြန်ကြေညာ ဆောင်ရွက်နေပါပြီ။ ထိုင်းနိုင်ငံကလည်း ခုချိန်မှာ လှေစီးဒုက္ခသည်တွေကို ကယ်ဆယ်ရေး စတင်လုပ်ဆောင်လာပါပြီ။

မြန်မာနိုင်ငံကတော့ သူ့ရဲ့ ရိုဟင်ဂျာတွေအပေါ်ထားတဲ့ သဘောထား မူဝါဒကို မပြောင်းလဲပေမယ့် ကယ်ဆယ်ရေးကို စတင်ဆောင်ရွက်လာပြီလို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

အိန္ဒိယသမုဒ္ဒရာအတွင်း ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်သူများအရေး အထူးအစည်းအဝေး ကြီးကတော့ မြန်မာနိုင်ငံကို ဘာမှ မဖြစ်မနေ ဆောင်ရွက်ရမယ့် အချက်တွေကို ချမှတ်ပေးနိုင်ခဲ့တာ မတွေ့ရပါဘူး။ ထုံးစံအတိုင်း ကျနော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်၊ ဒါ ကျနော်တို့ ပြည်တွင်းရေးသာ ဖြစ်ပါတယ်ဆိုတဲ့ စကားကိုပဲ မချစ်သော်လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူ  လုပ်ခဲ့ကြရပုံပါပဲ။          ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013