DVB Logo
Home
မြန်မာသတင်း
မီးရှို့ဆန္ဒပြတောင်သူ၏ တူမ ၂ ဦးကို တပ်မတော်အရာရှိ တရားစွဲ
DVB
·
June 1, 2015
မီးရှို့ဆန္ဒပြတောင်သူ၏ တူမ ၂ ဦးကို တပ်မတော်အရာရှိ တရားစွဲ
Donate to DVB

မြန်မာ့တပ်မတော်က သိမ်းဆည်းယူငင်ထားတဲ့ တောင်ယာခြံမြေတွေကို ပြန်ပေးဖို့ မိမိကိုယ်ကို မီးရှို့ဆန္ဒပြ ကွယ်လွန်ခဲ့သူ ဦးမြင့်အောင်ရဲ့ တူမ ၂ ဦးကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်မတော်အရာရှိတဦးက အမှု ၂ မှုနဲ့ ရွှေညောင်ရဲစခန်းမှာ တရားစွဲဆိုပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာနေ ဦးမြင့်အောင် ကွယ်လွန်ပြီးနောက် တူမတွေဖြစ်ကြတဲ့ ဒေါ်မော်မော်ဦးနဲ့ ဒေါ်စန်းမြင့်တို့ ၂ ဦးကို တရားစွဲတာ ဖြစ်ပါတယ်။

ဦးမြင့်အောင်ဖြစ်စဉ်မှာ ကူညီသူ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးတင်မောင်တိုးက “၂၁ ရက် (မေလ) နေ့ ညနေ ၅ နာရီ ၁၅ မှာ စိုက်ကွင်းတာဝန်ခံ ဗိုလ်ကြီး ၀င်းထွန်းအောင်ကနေ မမော်ရယ်၊ မစန်းရယ်ပေါ့နော်၊ ဦးမြင့်အောင်ရဲ့ တူမ ၂ ယောက်ကို ပိုင်နက်ကျူးလွန်မှု၊ တပ်မြေပေါ်မှာ ထွန်ယက်စိုက်ပျိုးမှုဆိုပြီးတော့ ပုဒ်မ ၄၂၇၊ ၄၄၇ နဲ့ တရားစွဲထားတယ်ခင်ဗျ။ မနေ့က (မေ ၃၁ ရက်နေ့) ညနေ ၃ နာရီလောက်မှာ ရွှေညောင်ရဲစခန်းမှူးနဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာ အိမ်မှာသွားရှာတယ်ပြောတယ်ဗျ။ အဲဒီမှာ မမော်တို့ မစန်းတို့က အိမ်မှာမရှိဘူး။ ပြန်လာရင် ဖုန်းဆက်ပါလို့ မှာသွားတယ်” လို့ ပြောပါတယ်။

ဒီတောင်သူအမျိုးသမီး ၂ ဦးအတွက် အာမခံရရေး၊ တရားဥပဒေ လမ်းကြောင်းအရ ရင်ဆိုင်နိုင်ရေး ကိစ္စတွေကို ကူညီမယ်လို့ ဦးတင်မောင်တိုးက ပြောပါတယ်။

ဒေါ်မော်မော်ဦးကတော့ သူတို့အပေါ် တရားစွဲဆိုတယ် ဆိုတာသာ ကြားသိရုံပဲ ရှိသေးတယ်လို့ ပြောပါတယ်။ “အကြောင်းကြားစာတော့ မလာသေးဘူးရှင့်။ ကျမတို့ကို ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့တော့ ပြောတယ်။ အိမ်ကို ရဲစခန်းမှူး၊ နောက်တခါ ရဲအုပ် ဦးဇော်လင်းနိုင်နဲ့ ရဲတယောက် လာသွားတယ်ဆိုတာ သိရတယ်။ ဘာအမှုတွေရယ်လို့တော့ မသိဘူး” လို့ ပြောပါတယ်။

သူက “ဘာပြောစရာရှိမလဲဆိုတော့ ကျမတို့က ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ ကျမတို့က မှန်မှန်ကန်ကန်ပဲ ဖြစ်စေချင်တဲ့ ဆန္ဒပဲရှိတယ်ပေါ့နော်။ မတရားလုပ်တာတို့၊ မတရားခံရတာတို့ မဖြစ်ချင်ဘူးပေါ့” လို့ ပြောပါတယ်။

ရွှေညောင်ရဲစခန်းတာဝန်ကျ ဒု-ရဲအုပ် ထွန်းမြတ်ကျော်က “ကျနော်အမှုတခုတော့ သိတယ်။ ပုဒ်မ ၄၄၇ တခုပဲ သိပါတယ်။ ကျန်တဲ့အမှုတော့ ကျနော်လည်း မသိဘူး။ တာဝန်မှူးတွေက အချိန်းအပြောင်းရှိတော့လေ။ တပ်မတော်က အရာရှိကဖွင့်တာ။ သူပဲ တရားလိုလုပ် ဖွင့်ရမှာလေ” လို့ ပြောပါတယ်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) က ရေပူ၊ ကျောက်နီ၊ ကွန်လုံရွာတွေဘက်မှာ ဧက ၅၀၀၀ ကျော်ကို ရပခ ကျောက်နီအထူးစိုက်ကွင်း စီမံချက်အဖြစ် ၁၉၉၄ ခုနှစ်ကတည်းက တပ်ပိုင်အဖြစ် သိမ်းဆည်းခဲ့ပါတယ်။ အဲဒီမြေတွေပေါ်မှာ တောင်သူတွေကို သီးစားခကောက်ယူပြီး လုပ်ခွင့်ပေးခဲ့ရာက ၂၀၁၃ ခုနှစ်ကစပြီး မကောက်ခံတော့ဘူးလို့ ဆိုပါတယ်။

မေ ၁၉ ရက်နေ့က စိုက်ကွင်းတာဝန်ခံ ရပခက ဗိုလ်ကြီး ၀င်းထွန်းအောင် ဦးစီးတဲ့အဖွဲ့ဟာ  ဦးမြင့်အောင်တို့မိသားစု ပြောင်းစိုက်ထားတဲ့ ခြံထဲမှာ ဘားတိုက်ဆောက်မယ်ဆိုပြီး သစ်တွေ၊ သွပ်တွေ ချရာက ရွာသားတွေနဲ့ အချေအတင် ဖြစ်ပါတယ်။

နောက်နေ့ ၂၀ ရက်နေ့ မနက် ၇ နာရီ ဒေါ်မော်နဲ့ ဒေါ်စန်းတို့ရဲ့ ဦးလေး ဦးမြင့်အောင် (အသက် ၆၃ နှစ်) ဟာ လယ်သိမ်းတာကို မကျေနပ်လို့ မီးရှို့ဆန္ဒပြရာမှာ ဒဏ်ရာပြင်းထန်ပြီး စပ်စံထွန်းဆေးရုံမှာ ၂၁ ရက် နေ့ခင်းမှာ ကွယ်လွန်ခဲ့ပါတယ်။ ဦးမြင့်အောင် ကွယ်လွန်ပြီး နာရီပိုင်းအကြာမှာ သူ့တူမနှစ်ဦးကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးမြင့်အောင်ရဲ့ ရက်လည်ဆွမ်းသွပ်တရားနာတဲ့ မေလ ၂၈ ရက်နေ့ ညနေပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသားတွေနဲ့ တွေ့ဆုံရာမှာ တပ်ပိုင်မြေပေါ်မှာ ဆက်လက်မစိုက်ပျိုးဖို့ စစ်တပ်က တားမြစ်ခိုင်းတယ်ဆိုတာကို  သတိပေးပြောဆိုခဲ့တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013