DVB Logo
Home
Lead Story
ဆီးဂိမ်း ယူ ၂၃ အင်ဒို-မြန်မာ ဘောလုံးပြိုင်ပွဲ ပွဲကြို
DVB
·
June 1, 2015
ဆီးဂိမ်း ယူ ၂၃ အင်ဒို-မြန်မာ ဘောလုံးပြိုင်ပွဲ ပွဲကြို
Donate to DVB

စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၈ ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲမှာ မြန်မာယူ ၂၃ အသင်းဟာ အုပ်စု (က)မှာ အိမ်ရှင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အသင်းတွေနဲ့ တအုပ်စုတည်း ကျနေပါတယ်။

အရင်တချိန်က မြန်မာ ဘောလုံးပရိသတ်တွေ အင်တိုက်အားတိုက် ရင်ခုန် အားပေးခဲ့ကြတဲ့ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲမှာ အုပ်စု ၂ ခု ပါဝင်ပြီး အုပ်စု တခုစီကနေ အမှတ်အများဆုံး ၂ သင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်ရမှာ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်နောက်ပိုင်းမှ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွေကို ယူ ၂၃ ဆိုပြီး ပုံစံပြောင်း ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ ယူ ၂၃ အသင်းပါဝင်တဲ့ အုပ်စု (က) ပွဲစဉ်တွေကို ဇွန် ၁ ရက်မှာ စတင်ကစားနေသလို မြန်မာနဲ့ အင်ဒိုနီးရှားအသင်းတို့ ဇွန် ၂ ရက် မြန်မာ စံတော်ချိန် ၇ နာရီမှာ စတင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဇွန် ၄ ရက်မှာ မြန်မာက စင်ကာပူ၊ ဇွန် ၇ ရက်မှာ ဖိလစ်ပိုင်၊ ဇွန် ၁၀ ရက်နေ့မှာ ကမ္ဘောဒီယားအသင်းနဲ့ အသီးသီး ကစားရမှာပါ။

ဇွန် ၂ ရက်မှာ ယှဉ်ပြိုင်ကစားမယ့် မြန်မာနဲ့ အင်ဒိုနီးရှားပွဲအကြောင်း မပြောခင် မြန်မာ နဲ့ အင်ဒို အသင်းရဲ့ ဆီးဂိမ်းနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းတွေကို ပြောပြချင်ပါတယ်။

ယူ ၂၃ အဖြစ် ပြောင်းလဲ ကျင်းပခဲ့ပြီးတဲ့နောက် ၂၀၀၇ ခုနှစ်မှာ မြန်မာ အသင်းက ငွေတံဆိပ် ရရှိခဲ့ပြီး ဆီးဂိမ်းပြိုင်ပွဲမှာ အမြင့်မားဆုံး အောင်မြင်မှု ဖြစ်ခဲ့သလို ၂၀၀၁နဲ့ ၂၀၁၁မှာ ကြေးတံဆိပ်ရရှိထားပါတယ်။

၂၀၁၅ မတ်နဲ့ မေလက မြန်မာအသင်းရဲ့ ခြေစမ်းပွဲရလဒ်တွေကို ကြည့်မယ်ဆိုရင်တော့ ဂျပန်ကို ၉ ဂိုးပြတ်၊ မတ် ခြေစမ်းပွဲမှာ ထိုင်းကို ၁ ဂိုး ဂိုးမရှိ၊ မေ ခြေစမ်းပွဲမှာ ၄ ဂိုး ဂိုးမရှိရှုံးထားပါတယ်။

ဗီယက်နမ် မလေးရှား အသင်းတွေနဲ့ သရေကျထားတဲ့ အတွက် နိုင်ပွဲပျောက်နေတယ်လို့ ပြောလို့ရပါတယ်။

အင်ဒိုအသင်းကတော့ ၂၀၀၁ နောက်ပိုင်း ဆီးဂိမ်းပြိုင်ပွဲမှာ ဒုတိယ ၂ ကြိမ်၊ စတုတ္တ ၂ ကြိမ် အထိ ရရှိထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

အင်ဒိုအသင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ ခြေစမ်းပွဲ ၅ ပွဲကစားထားပါတယ်။ ဒီအထဲမှာ မလေးရှားအသင်းကို ၂ ပွဲလုံး အနိုင်ရထားသလို ဆီးရီးယားနဲ့ ပထမခြေစမ်းပွဲမှာ သရေ၊ ဗီယက်နမ်ကို သရေကျပြီး ဒုတိယခြေစမ်းပွဲမှာ ဆီးရီးယားကို ရှုံးထားပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင် အဖြစ်လက်ခံ ကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ အင်ဒိုနီးရှားက မြန်မာအသင်းကို ခါးသက်တဲ့ အရှုံးတခုကို ပေးအပ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ အုပ်စု (ခ) မှာ မြန်မာ အင်ဒို ထိုင်း အရှေ့တီမော ကမ္ဘောဒီးယားတို့နဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပါတယ်။

ဒီအုပ်စုမှာ မြန်မာအသင်းဟာ ထိုင်းအသင်းကို သရေ၊ အရှေ့တီမော၊ ကမ္ဘောဒီးယားတို့ကို အနိုင်ကစားခဲ့ပါတယ်။

အင်ဒိုနီးရှားအသင်းကတော့ ထိုင်းကို ရှုံး၊ ကမ္ဘောဒီးယားကို နိုင် အရှေ့တီမောကို သရေ ကစားခဲ့ပါတယ်။ ဒိရလဒ်တွေကြောင့် မြန်မာအသင်းဟာ အင်ဒိုနီးရှားထက် အုပ်စုက တက်ရောက်ဖို့ အခြေအနေကောင်းခဲ့ပါတယ်။

ဒါပေမယ့် အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာနဲ့ အင်ဒိုနီးရှားအသင်းတို့ ကစားရာမှာတော့ မြန်မာက ၁ ဂိုးဂိုးမရှိနဲ့ အင်ဒိုကို ရှုံးသွားတဲ့အတွက် အမှတ်တူနေပေမယ့် ဂိုးကွားခြားချက် ကွာဟတဲ့အတွက် အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။

အခု ၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနဲ့ အင်ဒိုနီးရှားအသင်းတို့ အုပ်စု အဆင့်မှာ ပြန်လည် ဆုံတွေ့ရာမှာတော့ ဒေသတွင်း ပြိုင်ဘက်တွေဖြစ်တဲ့ တွက် ကြည့်ကောင်းမယ့်ပွဲ ဆိုတာကတော့ ငြင်းစရာ မလိုပါဘူး။

စင်ကာပူနိုင်ငံမှာ ယှဉ်ပြိုင်ကစားမယ့်ပွဲဖြစ်တဲ့အတွက် မြန်မာအသင်းကို အားပေးပေမယ့် ပရိတ်သတ်အားက အင်ဒိုနီးရှားအောက် မလျော့သလို သာနိုင်ဖွယ်ရှိနေပါတယ်။

အင်ဒိုနီးရှားပွဲကို အနိုင်ရဖို့ အဓိက ပြင်ဆင်နေသလို မြန်မာအသင်းဟာ တဦးကောင်း တယောက်ကောင်း စုဖွဲ့ထားတာ မဟုတ်သလို အသင်းလိုက်ကစားအား ကောင်းကောင်း ကစားဖို့ ပြင်ဆင်ထားတယ်လို့ မြန်မာ ယူ ၂၃ နည်းပြ ဦးကြည်လွင်က ပြောတဲ့အကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လူမှုရေးကွန်ယက် ဖေ့ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

“အုပ်စုတွင်းမှာ ပြိုင်ဘက်တိုင်းက အသင်းကောင်းချည်းပါပဲ။ ဘယ်အသင်းမှ လျှော့တွက်ထားတာ မရှိသလို ဘယ်အသင်းကိုမှလည်း ရှိန်နေမှာမဟုတ်ပါဘူး။ ရည်မှန်းချက်ကတော့ ပြိုင်ပွဲဝင် အသင်းတိုင်း ရည်မှန်းထားကြတဲ့ အတိုင်းပါပဲ။ ကျနော်တို့ မြန်မာယူ၂၃ အသင်းလည်း ရွှေရဖို့ လာပြိုင်တာပါ။” လို့ ဦးကြည်လွင်က ပြောတဲ့အကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖေ့ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။

ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား)ကတော့ ဒီနှစ်မှာတော့ ဒီ ၂ သင်းမှာ ဘယ်အသင်းနိုင်မလဲဆိုတာကတော့ ပြောရခက်သလို မြန်မာအသင်းကတော့ မဖြစ်မနေ နိုင်အောင်ကစားရမယ်လို့ ပြောပါတယ်။

“အင်ဒိုနီးရှားကို သေချာပေါက်နိုင်မလား မေးရင် နိုင်မယ်လို့ ပြောလို့မဖြစ်ဘူး။ သို့ရာတွင် နိုင်ရမယ်။ နိုင်မယ်လို့ ပြောလိုမဖြစ်ဘူး။ နိုင်ရမယ့်ပွဲပဲ ဖြစ်တယ်။ နိုင်အောင်ကြိုးစားကြလိမ့်မယ်” လို့ သူက ပြောပါတယ်။

အားကစားကလောင်ရှင် ကိုစိုးညီကတော့ ၂ နှစ်ဆက်တိုက် ဗိုလ်လုပွဲကို တက်ရောက်ထားတဲ့ အင်ဒိုနဲ့ အဖွင့်ပွဲ ကစားရမယ့် မြန်မာအသင်းအတွက် အခက်အခဲ နည်းနည်းရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကျနော်က မြန်မာတယောက်၊ မြန်မာဘောလုံးကိုလည်း တကယ်ချစ်လို့ အားပေးနေတဲ့လူ ဆိုတော့ မြန်မာအသင်းကိုတော့ အားပေးရမှာပဲ၊ မြန်မာအသင်းကို အားပေးမှာတော့ ကျိန်းသေတယ်။ ဒါပေမယ့် ဘောလုံးမှာ မျိုးချစ်စိတ်တို့ ကိုယ့်အသင်းကို နိုင်ချင်တဲ့စိတ်တို့ တခုတည်းနဲ့ မပြီးဘူး။ နိုင်သင့်တဲ့ ခြေစွမ်းမျိုးရှိမှ နိုင်မှာဆိုတော့ မနက်ဖြန်ပွဲကို ကျနော်ထင်တယ်၊ မြန်မာအသင်းအမြင့်ဆုံး သရေလောက်ပဲ ရမယ်လို့ ထင်တယ်” လို့ သူ အမြင်ကို ပြောပါတယ်။

လက်ရှိအချိန်မှာ မြန်မာအသင်းတွေရဲ့ ဘောလုံးပြိုင်ပွဲတွေဟာ တိုက်ဆိုင်မှုတွေ များနေတဲ့အတွက် ပရိသတ်ရဲ့ အာရုံဟာ ယူ ၂၃ အသင်းမှာ မရှိသလို မြန်မာ ယူ ၂၃ အသင်း ပြင်ဆင်မှုတွေအဖြစ် နိုင်ငံခြား ခြေစမ်းပွဲတွေဟာ အရင်နှစ်တွေနဲ့ ယှဉ်လိုက်ရင် အားနည်းတယ်လို့ ဆိုပါတယ်။

မြန်မာအသင်းအနေနဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲက အင်ဒိုနီးရှား ပေးခဲ့တဲ့ ခါးသက်တဲ့ အရှုံးကို ဒီတကြိမ်မှာ ပြန်လည် ကုစားပေးနိုင်မလားဆိုတာကတော့ ဇွန် ၂ ရက်မှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013