
စစ်အာဏာရှင်တပ်က စာသင်ကျောင်းတွေနဲ့ ကလေးသူငယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ အကြောင်း ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM က ပြောလိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို မြန်မာစစ်တပ်က တိုက်ခိုက်မှု တနှစ်ပြည့် မေ ၁၂ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း ကျောင်းသား ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ရ တာပါ။
IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က “ကလေးငယ်တွေ ရှိနေနိုင်တဲ့ နေရာတွေကို လေကြောင်းက တိုက်ရိုက်တိုက်ခိုက်တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တွေကို ယန္တရားက အထူးပြု စုံစမ်းစစ်ဆေးနေပါတယ်။ ဒီဖြစ်ရပ်တွေက စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်ပါတယ်။ မြန်မာ့လေတပ်ရဲ့ ဖွဲ့စည်းပုံ၊ အမိန့်ပေးကွင်းဆက်အပါအဝင် ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်မဲ့ အထောက်အထားတွေကို ကျနော်တို့ စုဆောင်းပြီး စိစစ်သုံးသပ်နေပါတယ်။ ဒါမှသာ ဒီပုဂ္ဂိုလ်တွေ တာဝန်ခံမှုရှိလာအောင် ဆောင်ရွက်နိုင်မှာပါ” လို့ ပြောပါတယ်။
အခုလအစောပိုင်းတုန်းကလည်း ချင်းပြည်နယ်ထဲက ရွာတရွာက ကလေးကစား ကွင်းတခုကို လေကြောင်းတိုက်ခိုက်ခဲ့သလို အသက် ၅ လ မှ ၁၀ နှစ် ကြားရှိ ကလေးငယ် အနည်းဆုံး ၅ ယောက် သေဆုံးခဲ့ရတယ်လို့ IIMM ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ထဲမှာလည်း ကလေးသူငယ်တွေ ထိခိုက်သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှုများစွာ နိုင်ငံအနှံ့ ဖြစ်ပွားခဲ့ပြီး အဲဒီထဲမှာ မန္တလေး၊ ပဲခူး၊ ရခိုင်ပြည်နယ်တွေထဲက ကျေးရွာတွေကို တိုက်ခိုက်မှုတွေ၊ တနင်္သာရီတိုင်းထဲက ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို တိုက်ခိုက်မှု၊ ရခိုင်ပြည်နယ်ထဲက စာသင်ကျောင်း ၂ ကျောင်းကို တိုက်ခိုက်မှု၊ စစ်ကိုင်းတိုင်းထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေကို စောင့်ရှောက်ထားတဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်းကို တိုက်ခိုက်မှု စတဲ့ ဖြစ်ရပ်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၅ ခုနှစ်အထိ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၆၄၀ ကြိမ် ဖြစ်ပွားခဲ့ပြီး ကလေးသူငယ်တွဟာလည်း သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေက ဖော်ပြနေတယ်လို့ IIMM က ပြောပါတယ်။
“ကလေးတွေကို တိုက်ခိုက်တယ်ဆိုတာ အင်မတန်မှ စက်ဆုပ်ဖွယ်ကောင်းပါတယ်။ မြန်မာနိုင်ငံက ကလေးတွေဟာ အကြောက်တရားကင်းကင်းနဲ့ အိပ်စက်ခွင့်၊ ပညာသင်ယူခွင့်၊ ပြေးလွှားဆော့ကစားခွင့် ရှိရမှာပါ။”
IIMM ကိုတော့ ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနဲ့ တခြားသော နိုင်ငံတကာဥပဒေတွေ ချိုးဖောက်မှုတွေအတွက် အထောက်အထားတွေ စုဆောင်းဖို့နဲ့ စိစစ်သုံးသပ်နိုင်ဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ဖွဲ့စည်းခဲ့တာပါ။
ရည်ရွယ်ချက်ကတော့ နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ လူပုဂ္ဂိုလ်တွေကို တရားစွဲဆိုရာမှာ အသုံးပြုနိုင်မဲ့ အထောက်အထားတွေကို ထိန်းသိမ်းစုစည်းကာ အမှုနဲ့သက်ဆိုင်တဲ့ ဖိုင်တွဲတွေကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနဲ့ တာဝန်ခံမှုတွေ ဖြစ်ထွန်းလာရေး ကူညီဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။










