DVB Logo
Home
မြန်မာသတင်း
လောင်စာဆီ ရှားပါးနေချိန် စစ်ကောင်စီလေတပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး စုံရက်၊ မရက်မခွဲဘဲ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေ
DVB
·
March 23, 2026
သောင်ကြီးရွာ မြင်ကွင်းပုံ။ (Photo: မြောင်ကိုနွေဦး)
သောင်ကြီးရွာ မြင်ကွင်းပုံ။ (Photo: မြောင်ကိုနွေဦး)
Donate to DVB

မြန်မာပြည်တွင်းမှာ လောင်စာဆီ ရှားပါးပြတ်လပ်နေပေမဲ့ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုတွေဆက်လုပ်နေတာမှာ အခုအရက်ပိုင်း စစ်ကိုင်းတိုင်း အတွင်းက မြောင်မြို့နယ်နဲ့ အရာတော်မြို့နယ်နဲ့ ကနီမြို့နယ်တွေအတွင်းက စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အရပ်သားတွေ ထိခိုက် သေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့ စာသင်ကြောင်းနဲ့ လူနေအိမ်တွေထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြောင်မြို့နယ်၊ သောင်ကြီးရွာကို မတ် ၂၃ ရက် မွန်းတည့် ၁၂ နာရီမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲချလို့ အရပ်သား အများအပြား သေဆုံးပြီး လူနေအိမ်တွေလည်း မီးလောင်ပျက်စီးတယ်လို့ သောင်ကြီးရွာသားတယောက်က ပြောပါတယ်။

“ကျနော်တို့ မြောင်မြို့နယ်၊ သောင်ကြီးရွာကို မတ်လ ၂၃ ရက် နေ့ခင်း ၁၂ နာရီမှာ တံတားဦးတက် ဂျက်ဖိုက်တာတစင်းနဲ့ ဗုံးသီး ၄ လုံး ကြဲချ တိုက်ခိုက်သွားတယ်ဗျ။ အဲလို ဗုံးကြဲချလို့ ကျနော်တို့အိမ်တွေပါ ပျက်စီးပြီး မီးလောင်နေတယ်ဗျ။ ကျ‌နော့်အစ်မဝမ်းကွဲတွေလည်း သေဆုံးခဲ့ရတယ်။ အခု‌လောလောဆယ်ကတော့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၄ ဦးရဲ့ ရုပ်အလောင်း ဆွဲထုတ်လာခဲ့ပြီးပြီဗျ။ အိမ်‌တွေကတော့ အခုထိ မီးလောင်နေတုန်းပဲဗျ” လို့ ပြောပါတယ်။

သောင်ကြီးရွာကို စစ်ကောင်စီတပ်က တံတာဦးတက် ဂျက်ဖိုက်တာတစီးနဲ့ ဗုံးသီး ၄ လုံး ကြဲချ တိုက်ခိုက်သွားတာကြောင့် ပြည်သူနေအိမ် ၄၀ ကျော် မီးလောင်ပြီး မီးလောင်နေတဲ့ အိမ်အတွင်းမှာလည်း အရပ်သား သေဆုံးတာတွေ ရှိနေသေးတယ်လို့ ကူညီသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မြောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုတိုက်ဂျားက “အသေအပျောက်ကတော့ အတိအကျ ပြောလို့မရသေးဘူး။ နွားတွေလည်း သေတယ်။ ဒဏ်ရာရသူတွေလည်း များတယ်။ လက်ရှိ မီးငြှိမ်းသတ်‌နေပါတယ်” လို့ ပြောပါတယ်။

မြောင်မြို့နယ်၊ နဘတ်ရွာကိုလည်း စစ်တပ်က မတ် ၂၀ ရက်မှာ အခုလို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချလို့ ၁၂ ရက်သား ကလေးငယ်တယောက်နဲ့ အသက် ၆၀ အရွယ် အမျိုးသမီး ၂ ယောက် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

သောင်ကြီးရွာဟာ နဘတ်ကျေးရွာအရှေ့ဘက် ကပ်လျက်ရှိတဲ့ကျေးရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အရာ‌တော်မြို့နယ်၊ မင်းရွာကြီး စံပြကျေးရွာ အနီးတဝိုက်ကိုလည်း စစ်ကောင်စီတပ်က မတ် ၂၂ ရက် ညပိုင်း ၁၀ နာရီကျော်မှာ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံတွေနဲ့ သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။

ဗုံးကြဲချတဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

သပိတ်ခေါင်းဆောင်တယောက်က “မိတ္ထီလာလေတပ်စခန်းက ဂျက်ဖိုက်တာတစီးနဲ့ တံတားဦးလေတပ်စခန်းက ဂျက်ဖိုက်တာ ၂ စီး၊ စုစုပေါင်း လေယာဉ် ၃ စီးနဲ့ မင်းရွာကြီးကျေးရွာအနီးကို ၆ ကြိမ် လေကြောင်းတိုက်ခိုက်တာဗျ။ ပေါင် ၅၀၀ ဗုံးတွေ အသုံးပြုပြီး အပြင်းအထန် တိုက်ခိုက်ခဲ့တာဖြစ်တယ်” လို့ ပြောပါတယ်။ အခုလို ဗုံးကြဲချလို့ အရပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ ကနီမြို့နယ်၊ ဆူး‌လေကုန်းကျေးရွာမှာလည်း ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းကို မတ် ၂၁ ရက် မွန်းလွဲ ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဘုန်းကြီး ၂ ပါးနဲ့ ပြည်သူ ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အခုလို  လေကြောင်းကနေ ဗုံးကြဲချလို့ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်း အပါအဝင် ပြည်သူ့နေအိမ် ၂၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ ဆူလေကုန်းကျေးရွာသား တယောက်က ပြောပါတယ်။

“ဗုံးသီးက ၉ လုံး ကြဲချတာ။ ဘုန်းကြီး‌ကျောင်း တည့်တည့် ကြဲချသလို ဘုန်းကြီးကျောင်း အနီးဝန်းကျင်တွေကိုလည်း ကြဲချတယ်။ အဲလိုကြဲချလို့ ဘုန်းကြီး ၂ ပါးနဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ တပါးက‌တော့ အသက်အန္တရာယ် စိုးရိမ်ရတယ်။”

ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း အားလုံးပျက်စီးသလို အနီးအနားဝန်းကျင်က အိမ်အလုံး ၂၀ လောက်လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “စာသင်ကျောင်းက အထက်တန်းစာသင်ကျောင်းပါဗျ။ ဘုန်း‌တော်ကြီး ကျောင်းကလည်း ၂ ထပ် အဆောက်အအုံရော ‌တထပ်အဆောက်အအုံရော ရှိတယ်။ အဲဒါ ဗုံးကြဲချလို့ အကုန်ပျက်စီးတယ်။ စာသင်‌ကျောင်းဆောင်တွေလည်း ပျက်စီးတယ်။ ဘုန်းကြီးကျောင်း အနီးဝန်းကျင်က ပြည်သူနေအိမ်တွေလည်း ပျက်စီးမီးလောင်တာ ရှိတယ်” လို့ ပြောပါတယ်။

ဆူးလေကုန်းကျေးရွာဟာ အိမ်ခြ ၁,၀၀၀ နီးပါးရှိတဲ့ စံပြကျေးရွာ ဖြစ်ပါတယ်။ မတ် ၂၀ ရက်ကလည်း ကသာမြို့က စစ်ရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို ဗုံးကြဲခဲ့လို့ သံဃာတော်တွေနဲ့ ပြည်သူ အယောက် ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို လေယာဉ်နဲ့  ခပ်စိပ်စိပ်  တိုက်ခိုက်နေတာ ဖြစ်သလို အရပ်သားသေဆုံးမှုလည်း တနေ့တခြား တိုးလာနေတယ်လို့လည်း သိရပါတယ်။

အီရန်စစ်ပွဲကြောင့် မြန်မာနိုင်ငံမှာလည်း လောင်စာဆီရှားပါးပြတ်လပ်နေပြီး စစ်ကောင်စီက အများပြည်သူအသုံးပြုတဲ့ ယာဉ်တွေကို စုံ၊ မ နံပါတ်ခွဲပြီး ဆီဝယ်ယူတဲ့ စနစ်တွေသတ်မှတ် လုပ်ဆောင်နေသလို ဆီဝယ်ယူမှုတွေကိုလည်း အမျိုးမျိုးကန့်သတ်မှုတွေ လုပ်ဆောင်နေတာပါ။

လောင်စာဆီမရှိလို့ ပြည်တွင်း လေကြောင်းလိုင်းတချို့ ရပ်ထားရတာရှိပေမဲ့ စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေကတော့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ နေ့စဉ်လိုလို ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013