
ရုရှားတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ယူကရိန်းပစ်မှတ်တွေကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး ယူကရိန်းက ရုရှားရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ စွမ်းအင်စက်ရုံတွေကို ပစ်မှတ်ထားပြီး တာဝေးပစ်လက်နက်တွေနဲ့ ရုရှားနိုင်ငံအတွင်း နက်နက်ရှိုင်းရှိုင်း တိုက်ခိုက်ခဲ့တယ်လို့ CCTV သတင်းမှာ ဇူလိုင် ၁၈ ရက်က ဖော်ပြပါတယ်။
ရုရှားတပ်တွေက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လေကြောင်းနဲ့ မြေပြင်အခြေစိုက် တိကျမှုမြင့်တဲ့ တာဝေးပစ်လက်နက်တွေ၊ တိုက်ခိုက်ရေးဒရုန်းတွေကိုသုံးပြီး ၁၉ ကြိမ် အုပ်စုလိုက် တိုက်ခိုက်ခဲ့တယ်လို့ သူ့ရဲ့ နောက်ဆုံး အစီရင်ခံစာအတွင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ပစ်မှတ်တွေထဲမှာ ယူကရိန်း မြို့တွေ အတော်များများက ဆိပ်ကမ်းအခြေခံအဆောက်အအုံတွေနဲ့ ယူကရိန်းက စစ်ရေးရည်ရွယ်ချက်တွေအတွက်သုံးတဲ့ သင်္ဘောတွေအမြောက်အမြား ပါဝင်ပါတယ်။
ရုရှားတပ်တွေက ယူကရိန်း ကာကွယ်ရေးလုပ်ငန်းတွေ၊ ခဲယမ်းမီးကျောက် ဂိုဒေါင်တွေ၊ ထောက်ပံ့ပို့ဆောင်ရေးစင်တာတွေ၊ လောင်စာဆီနဲ့ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံတွေအပြင် ဒရုန်းထုတ်လုပ်တဲ့နေရာတွေ၊ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံခြားကြေးစား စစ်သားတွေအတွက် ယာယီချထားရေးနေရာတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ပြီးခဲ့တဲ့အပတ်အတွင်း ပဲ့ထိန်းဗုံး ၆၈ လုံး၊ အမေရိကန်လုပ် HIMARS ဒုံးကျည် ၇ စင်း၊ တာဝေးပစ်ခရုဇ် ဒုံးကျည် ၂ စင်းနဲ့ တောင်ပံပုံသေဒရုန်း ၄,၆၆၁ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထပ်ပြောပါတယ်။
အဲဒီနေ့မှာပဲ ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးအရာရှိက ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားရဲ့တိုက်ခိုက်မှုတွေကို ရှေ့တန်းနေရာ အမြောက်အမြားမှာ ဆက်လက်တွန်းလှန်ခဲ့ပြီး ဒရုန်း ၁၈၇၉ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ သတင်းပို့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကလည်း ယူကရိန်းတပ်ဖွဲ့တွေဟာ မကြာသေးမီက တာဝေး တိုက်ခိုက်မှုတွေ အများကြီး လုပ်ခဲ့တယ်လို့ သောကြာနေ့မှာ ပြောပါတယ်။
ယူကရိန်းနယ်စပ်ကနေ ကီလိုမီတာ ၈၀၀ လောက်အကွာက ရုရှားနိုင်ငံ ဆာရာတော့ဗ်ဒေသမှာရှိတဲ့ အိန်ဂျယ်စ် လေတပ်စခန်းက Tu-95 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၁ စင်းကို ဖျက်ဆီးခဲ့ပါတယ်။
ဗုံးကြဲလေယာဉ် အပြင်းအထန်ပျက်စီးခဲ့ပြီး အမြီးပိုင်း လုံးဝပြတ်ထွက်သွားတယ်လို့ ရုရှားလုံခြုံရေးဌာနက ပြောပါတယ်။
တချိန်တည်းမှာ ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံတဝန်း ရေနံနဲ့ စွမ်းအင်စက်ရုံတွေ အများအပြားအပြင် ရုရှားထိန်းချုပ်ထားတဲ့ ဒေသတွေက သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။
ယူကရိန်းဟာ ရုရှားနိုင်ငံအတွင်း နက်နက်ရှိုင်းရှိုင်း ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း ဇလန်းစကီးက ပြောခဲ့ပါတယ်။
Source: Reuters










