အမေရိကန်သရုပ်ဆောင် ဆစ်ဒနီဆွီနီရဲ့ ဝတ်လစ်စလစ်ပုံတွေပါတဲ့ အားကစား ကြော်ငြာဘုတ်ကြီးတွေကို နယူးယောက် တိုင်မ်းစကွဲမှာ ပြသထားလို့ လူထုကြား အမြင်ကွဲနေပါတယ်။
ဒီကြော်ငြာဟာ အားကစားပွဲရလဒ်တွေကို ငွေကြေးနဲ့ ခန့်မှန်း လောင်းကြေးထပ်နိုင်တဲ့ အွန်လိုင်းပလက်ဖောင်း Novig အတွက် ရိုက်ကူးထားတာ ဖြစ်ပါတယ်။
Novig ကြော်ငြာမှာ ဆွီနီက ဘောလုံး၊ ဟော်ကီတုတ်နဲ့ တင်းနစ်ရက်ကက် စတဲ့ အားကစားပစ္စည်းတွေနဲ့ ခန္ဓာကိုယ်ကို ဖုံးထားပါတယ်။
စက်တင်ဘာ ၁၅ ရက်မှာ ဒီကြော်ငြာကိုတွေ့တဲ့ ဒေသခံနဲ့ ခရီးသွားတချို့က အများပြည်သူနေရာမှာ ပြသတာ မသင့်တော်ဘူးလို့ ဝေဖန်ပါတယ်။
“ကလေးတွေရှေ့မှာ သူ့တင်ပါးကို မြင်နေရတာ စိတ်ပျက်စရာပါ။ လူတိုင်းသိသလို လိင်ဆွဲဆောင်မှုက ရောင်းအားတက်စေပေမဲ့ ကလေးတွေကိုတော့ လေးစားရမယ်” လို့ နယူးယောက်မြို့ခံ အန်ဒရေဝီလ်ဆင်က ပြောပါတယ်။
နယူးယောက်မြို့ခံ နစ်ကီ ကတော့ ဆွီနီကိုယ်တိုင် ဒီကြော်ငြာကို လက်ခံထားရင် အဆင်ပြေပြီး ကြော်ငြာက ချစ်စရာကောင်းတယ်လို့ ဆိုပါတယ်။
အမျိုးသမီးအားကစားသမားတချို့ကတော့ ဒီကြော်ငြာဟာ အမျိုးသမီးခန္ဓာကိုယ်ကို လိင်ဆွဲဆောင်မှု အဖြစ် အသုံးချပြီး အမျိုးသမီးတွေရဲ့ အားကစားစွမ်းရည်ကို မှေးမှိန်စေတယ်လို့ ဝေဖန်ပါတယ်။
ဂျွမ်းဘားအားကစားသမားဟောင်း ဂရေစီခရမ်မာက “ကျမဘဝတလျှောက် ယှဉ်ပြိုင်ခဲ့တဲ့ အားကစားနယ်ပယ်မှာ အမျိုးသမီးအားကစားသမားတွေကို လိင်ဆွဲဆောင်မှုအဖြစ် အလွန်အကျွံ ပုံဖော်ပြီး ခန္ဓာကိုယ်နဲ့ပဲ တန်ဖိုးဖြတ်ကြပါတယ်။ ကျမတို့ရဲ့ တကယ့်အားကစားစွမ်းရည်ကို အသိအမှတ်ပြုခံရဖို့ ရုန်းကန်ခဲ့ရပါတယ်” လို့ အင်စတာဂရမ်မှာ ရေးထားပါတယ်။
ဒီကြော်ငြာကို ကြည့်ရှုမှု သန်း ၄၀ ကျော်ရှိလာပြီး ဆွီနီကလည်း Novig ကုမ္ပဏီမှာ အစုရှယ်ယာ ပိုင်ဆိုင်ထားပါတယ်။
စျေးကွက်ဝေစုနည်းတဲ့ Novig အတွက် အငြင်းပွားမှုဖန်တီးတာဟာ လူသိများလာစေမဲ့ ဗျူဟာတခု ဖြစ်နိုင်တယ်လို့ နယူးယောက်တက္ကသိုလ် စျေးကွက်ပညာရှင် ဂျိုရှူဝါလူးဝစ်က သုံးသပ်ပါတယ်။
Source: Reuters











