အီရန်နဲ့ အမေရိကန်ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရေးအတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယဒ်အက်ဘာ့စ်အာရက်ချီဟာ ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်ကို ရောက်ရှိလာပြီး ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် အာစင်မူနီယာနဲ့ ဧပြီလ ၂၅ ရက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီခရီးစဉ်မှာ အာရက်ချီဟာ အမေရိကန်၊ အစ္စရေးတို့နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်ရေး အီရန်ဘက်က ထည့်သွင်းစဉ်းစားထားတဲ့ အချက်တွေကို ပါကစ္စတန်ဘက်နဲ့ပဲ သီးသန့်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
အာရက်ချီဟာ အမေရိကန်တွေနဲ့ တွေ့ဖို့အစီအစဉ်မရှိပေမဲ့ ပါကစ္စတန်ကတော့ ဆက်သွယ်ရေး တံတားတခုအနေနဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့ အီရန်ရဲ့ သဘောထားတွေကို လက်ဆင့်ကမ်းပေးသွားမှာ ဖြစ်တယ်လို့ အီရန်အစိုးရပိုင် IRIB ရုပ်သံသတင်းမှာ ဖော်ပြပါတယ်။
အာရက်ချီ ဦးဆောင်တဲ့ အီရန်ကိုယ်စားလှယ်အဖွဲ့ဟာ သောကြာနေ့ညက ပါကစ္စတန်ကို ရောက်ရှိလာကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။ အီရန်ဝန်ကြီးရဲ့ ခရီးစဉ်မှာ အိုမန်နဲ့ ရုရှားနိုင်ငံတွေဆီ သွားရောက်ဖို့လည်း ပါဝင်ပါတယ်။
အမေရိကန်ဘက်က သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နဲ့ သမက်ဖြစ်သူဂျာရက်ကွတ်ရှ်နာတို့ဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီနဲ့ ဆွေးနွေးဖို့အတွက် စနေနေ့မနက်ပိုင်းမှာ ထွက်ခွာလာမှာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောထားပါတယ်။
ဒါပေမဲ့ အီရန်ဘက်ကတော့ လူပေါင်းထောင်ချီ သေဆုံးပြီး ကမ္ဘာ့ဈေးကွက်ကိုပါ ရိုက်ခတ်နေတဲ့ စစ်ပွဲ ရပ်တန့်အဆုံးသတ်ရေးအတွက် အမေရိကန်ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိတ်ဟက်ဂ်ဆက်သ်ကလည်း အီရန်အနေနဲ့ အမေရိကန်နဲ့ “ကောင်းမွန်တဲ့ သဘောတူညီချက်”တခု ရယူနိုင်မဲ့ အခွင့်အရေးရှိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
အစ္စလာမ်မာဘတ်မြို့က ဒေသခံတွေကလည်း ဒီဆွေးနွေးပွဲ အောင်မြင်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ မျှော်လင့်နေကြပါတယ်။
အီရန်၊ အမေရိကန်နဲ့ အစ္စရေးတို့ဟာ ရက်ပေါင်း ၄၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဧပြီ ၈ ရက်မှာ အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ပါတယ်။
အဲဒီနောက် ဧပြီ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ အစ္စလာမ္မာဘတ်မြို့မှာ အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ်တွေ အကြာကြီး ဆွေးနွေးခဲ့ကြပေမဲ့ သဘောတူညီချက် မရရှိခဲ့ပါဘူး။
ဒီအပတ်ထဲမှာ အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွေ ပါကစ္စတန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်တကျော့ ပြုလုပ်ဖို့ ရှိနေတာဖြစ်ပေမဲ့ အမေရိကန်ဘက်က ရေတပ်နဲ့ ဆက်လက်ပိတ်ဆို့ ထားတာတွေ၊ တောင်းဆိုချက်တွေ အရမ်းများလွန်းတာတွေကြောင့် အီရန်ဘက်က ဒီဆွေးနွေးပွဲကို မတက်ရောက်ဘဲ ရှောင်လွှဲခဲ့တာ ဖြစ်ပါတယ်။










