
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ရုရှားနဲ့ အပြန်အလှန်ကာကွယ်ရေးစာချုပ်အပေါ် သူ့နိုင်ငံရဲ့ ကတိကဝတ်ကို မေ ၉ ရက်နေ့က ရုရှားသမ္မတ ဗလာဒီမာပူတင်ဆီ ပေးပို့တဲ့ အောင်ပွဲနေ့ သဝဏ်လွှာမှာ ထပ်လောင်း အတည်ပြုပြောပါတယ်။
အောင်ပွဲနေ့ အခမ်းအနားဟာ ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီကို အောင်ပွဲခံတဲ့ နှစ်ပတ်လည်နေ့မှာ ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။
ကင်မ်ဂျုံအန်းက ရုရှားနဲ့ သူ့ရဲ့မိတ်ဖက်ဆက်ဆံရေး၊ နိုင်ငံအချင်းချင်းကြား စာချုပ်ရဲ့ တာဝန်ဝတ္တရားတွေကို အကောင်အထည်ဖော်ဖို့ မြောက်ကိုရီးယားရဲ့ ရပ်တည်ချက်တို့ကို ထပ်လောင်းအတည်ပြုခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်မြင်သံကြား KRTက ကြေညာပါတယ်။
မော်စကိုမြို့တော် ရင်ပြင်နီမှာ ကျင်းပတဲ့ ရုရှားရဲ့ အောင်ပွဲနေ့ စစ်ရေးပြပွဲမှာလည်း ရုရှားနိုင်ငံ ကာ့က်စ်ခ်ဒေသမှာ ယူကရိန်းတပ်တွေကို တိုက်ခိုက်ရာမှာ ပါဝင်တဲ့ မြောက်ကိုရီးယားတပ်တွေက ရုရှားစစ်သည်တွေနဲ့အတူ ပါဝင် ချီတက်ခဲ့ပါတယ်။
တချိန်က ရုရှားရဲ့ နျူကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ် ဒုံးကျည်တွေအပါအဝင် ကြီးမားတဲ့ စစ်တပ်ကိုပြဖို့ အောင်ပွဲနေ့ အခမ်းအနားကို အသုံးချခဲ့ပေမဲ့ အခုနှစ် စစ်ရေးပြပွဲမှာတော့ ရင်ပြင်နီရဲ့ ကျောက်ခင်းလမ်းတွေပေါ်မှာ တင့်ကားတွေနဲ့ တခြားစစ်ရေးပစ္စည်းတွေ မပါခဲ့ပါဘူး။
မြောက်ကိုရီးယားမြို့တော် ပြုံယမ်းက ရုရှားသံရုံးအရာရှိတွေဟာလည်း မေ ၉ ရက်မှာ အောင်ပွဲနေ့ကို ကျင်းပခဲ့ပါတယ်။
ပြုံယမ်းမြို့တော်က ရုရှားသံရုံး ယာယီတာဝန်ခံ ဗလာဒီမာတိုပေဟာ၊ မြောက်ကိုရီးယားအရာရှိတွေနဲ့ နိုင်ငံခြား ကိုယ်စားလှယ်တွေဟာ ဆိုဗီယက်တပ်နီတော် စစ်သားတွေကို အောက်မေ့သတိရတဲ့ လွတ်မြောက်ရေးမျှော်စင်နဲ့ သင်္ချိုင်းတို့မှာ ပန်းတွေ ချနေတာကို KRT က ထုတ်လွှင့်တဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။
၂၀၂၄ ခုနှစ်မှာ ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ ပူတင်ရဲ့ ပြုံယမ်းခရီးစဉ်အတွင်း “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ်” ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။ စာချုပ်မှာ အပြန်အလှန်ကာကွယ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက် ပါဝင်ခဲ့ပါတယ်။











