ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ရုရှားတပ်တွေရဲ့ ညလုံးပေါက် တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမြို့တော် ကိယက်ဗ်မှာ လူ ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
ဒါဟာ ၂ ပတ်ကျော်အတွင်း ရုရှားက ယူကရိန်းကို ဒုံးကျည်တွေ၊ ဒရုန်းတွေ အမြောက်အမြားသုံးပြီး ပထမဆုံးအကြိမ် ကြီးမားတဲ့တိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။
ရုရှားက ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက သတိပေးခဲ့ပြီးနောက် အဆောက်အအုံတွေ တိုက်ခိုက်ခံရလို့ ဒေသခံအမြောက်အမြား ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးတဲ့အထဲမှာ ကလေးတွေ အများဆုံးပါတယ်လို့ ကိယက်ဗ်မြို့ စစ်အုပ်ချုပ်ရေးအကြီးအကဲ တက်ချန်ကိုက ပြောပါတယ်။
“ရန်သူတွေက ပြည်သူတွေကိုသတ်ဖို့ ရည်ရွက်ချက်နဲ့ လူနေထိုင်ရာ အဆောက်အအုံတွေကို တမင်တကာ ပစ်ခဲ့တာပါ” လို့ တက်ချန်ကိုက ကြာသပတေးနေ့မှာ ပြောပါတယ်။
ရုရှားစစ်တပ်ကတော့ စွမ်းအင်စက်ရုံတွေ တိုက်ခိုက်ခံရလို့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်တာလို့ ကြေညာထားပါတယ်။
ယူကရိန်းအရှေ့ပိုင်းနဲ့ အလယ်ပိုင်းတို့မှာရှိတဲ့ စစ်အခြေစိုက်စခန်းတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက ပြောထားပါသေးတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူ ၃၄ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီကလစ်ကိုက တယ်လီဂရမ်မှာ ရေးသားထားပါတယ်။ ဒုံးကျည် တိုက်ရိုက်ထိမှန်ခဲ့တဲ့ ၆ ထပ် အဆောက်အအုံ ပြိုကျခဲ့တယ်လို့ ဆိုပါတယ်။
Source: Reuters










