
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က ငဝန်တာ ထပ်မံကျိုးပေါက်သွားတာကြောင့် အိုင်သပြု မြို့ပေါ်မှာ ရေတက်နှုန်း အရမ်းမြန်နေပြီး လမ်းပန်းဆက်သွယ်ရေးပါ ပြတ်တောက်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အိုင်သပြုမြို့ဘက်ကို ရေတွေ အလုံးအရင်း ထပ်ဝင်လာပြီး နှစ်ရက်အတွင်း တစ်တောင် (၁ ပေခွဲခန့်) အထိ ရေပြန်တက်လာတယ်လို့ အိုင်သပြုမြို့ခံတစ်ယောက်က ပြောပါတယ်။
မြို့ခံတယောက်က “ရေက နှစ်ရက်တည်းနဲ့ကို တတောင်လောက် သိသိသာသာ ပြန်တက်သွားတာ။ ရေစီးကလည်း တော်တော်ကြမ်းပြီး နောက်နေတယ်။ အင်းလေးလမ်းဆုံလည်း မြုပ်သွားပြီ၊ ကျောင်းရှေ့အထိလည်း ရေရောက်နေပြီဗျ။ မနက်ပိုင်းက သုံးဘီးတွေ သွားလို့ရသေးပေမဲ့ နေ့ခင်းဆိုရင် လုံးဝသွားလို့ရတော့မှာ မဟုတ်ဘူး။ ရေတက်တာက နှစ်ရက်လောက်နဲ့ တက်ပေမဲ့ ပြန်ကျဖို့ကျတော့ ၁၀ ရက်၊ ၁၅ ရက်လောက် ပြန်စောင့်ရတယ်” လို့ ပြောပါတယ်။
အခုလို ရေအရှိန်နဲ့ ပြန်တက်လာနေတာကြောင့် အိုင်သပြုမြို့ပေါ်က ရန်ကြီးအောင်ရပ်ကွက်၊ ရန်ကြီးအောင် အနောက်ဘက်လမ်း၊ သခင်ဖိုးလှကြီးရပ်ကွက်နဲ့ အောင်မင်္ဂလာစက်ဝင်းထဲ နေထိုင်သူ တွေကို ဘေးလွတ်ရာ ရေဘေးစခန်းတွေနဲ့ ကုန်းမြင့်ပိုင်းက အိမ်တွေဆီ အရေးပေါ် ပြောင်းရွှေ့ နေထိုင်ကြဖို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ညတွင်းချင်း လိုက်လံသတိပေး နှိုးဆော်ထား ရပါတယ်။
ငဝန်တာဟာ စစ်တပ်လက်အောက်ခံ တိုင်းအစိုးရက ထိန်းချုပ်နိုင်ပြီလို့ စက်တင်ဘာ ၈ ရက်မှာ ကြေညာခဲ့ပေမဲ့ နောက်တရက်ဖြစ်တဲ့ စက်တင်ဘာ ၉ ရက် ည ၉ နာရီဝန်းကျင်မှာ မူလပြုပြင်ထား တဲ့ နေရာကနေ ပေ ၃၀ ခန့် ထပ်မံပွင့်ထွက်သွားခဲ့တာပါ။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က ကျိုးပေါက်ခဲ့တဲ့ ရေတွေတောင် နေရာအများစုမှာ ပြန်မကျသေးခင် အခုလို တာထပ်ကျိုးပြီး ရေပြန်တက်လာတဲ့အတွက် ဒေသခံတွေအနေနဲ့ သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ အရေးပေါ် အကူအညီတွေ ပိုမိုလိုအပ်နေပါတယ်။
အဆိုပါ ငဝန်တာ ပြန်လည်ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်အပြင် ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းနဲ့ ဟင်္သာတမြို့နယ်တို့က ကျေးရွာတွေမှာလည်း ရေဘေးဒဏ်ကို ဒေသခံ သိန်းနဲ့ချီ ဆက်လက်ရင်ဆိုင်နေကြရပါတယ်။
ဒါ့အပြင် တိုင်းအတွင်းက ညောင်တုန်း၊ လေးမျက်နှာ (ထိန်ငူတာ)၊ ဇလွန်နဲ့ မြန်အောင်မြို့နယ်တွေက တာတမံတချို့လည်း ကြံ့ခိုင်မှုအားနည်းနေဆဲ ဖြစ်တာကြောင့် စိုးရိမ်ရေမှတ်အခြေအနေကို စောင့်ကြည့်နေရဆဲ ဖြစ်ပါတယ်။
မောရစ်











