
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မဲတောကျေးရွာက ဘုန်းကြီးကျောင်းကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသားတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိသွားပါတယ်။
မေ ၁၁ ရက်၊ ည ၉ နာရီဝန်းကျင်လောက်မှာ တံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ်တစင်းကနေ ဘုန်းကြီးကျောင်းကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဗုံးတလုံးဟာ ဆွမ်းစားကျောင်းဆောင်ပေါ်ကို ကျရောက်ခဲ့ပြီး၊ နောက်တလုံးကတော့ ကျောင်းအပြင်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
ဒီပေါက်ကွဲမှုတွေကြောင့် အသက် ၃၀ အရွယ် အမျိုးသားတယောက်ဟာ ပြင်းထန်ဒဏ်ရာနဲ့ ဆေးကုသဖို့ သွားနေစဉ် လမ်းမှာပဲ သေဆုံးသွားခဲ့သလို အသက် ၃၇ နှစ်နဲ့ ၄၈ နှစ်အရွယ် အမျိုးသမီး ၂ ယောက်နဲ့ တခြား အမျိုးသား တယောက်တို့လည်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီလို ဗုံးစတွေ လွင့်စင်ကျရောက်မှုကြောင့် ဆွမ်းစားကျောင်းဆောင် တဆောင်၊ နေအိမ် ၇ လုံးနဲ့ ကားတစီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းနဲ့ ရွာဟာ လမ်းတခုသာ ခြားထားတာဖြစ်လို့ ဗုံးစတွေဟာ ရွာထဲအထိ ကျလာပြီး နေအိမ်အများအပြားရဲ့ အမိုးအကာတွေ ပေါက်ပြဲပျက်စီးခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ရွာသားတယောက်က ပြောပါတယ်။
လေကြောင်းကနေ တိုက်ခိုက်ခံရပြီး နောက်တနေ့ဖြစ်တဲ့ မေ ၁၂ ရက် မနက် ၁၁ နာရီကျော်လောက်မှာလည်း ရွှေဘိုအခြေစိုက် ခလရ ၄၂ တပ်ကနေ ရွှေဘိုမြို့ အနောက်တောင်ခြမ်းမှာရှိတဲ့ ကျေးရွာတွေဘက်ကို တနေကုန်နီးပါး လက်နက်ကြီး ၇ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ဆိပ်ခွန်ရွာ၊ သစ်ကြီးတောရွာနဲ့ ဆင်အင်းရွာတွေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် သံဃာ ၃ ပါး၊ အမျိုးသား တယောက်နဲ့ အမျိုးသမီး ၄ ယောက် သေဆုံးခဲ့ပြီး၊ ဦးပဉ္ဇင်းတပါးနဲ့ ဒုလ္လဘရဟန်း ၁၆ ပါး ဒဏ်ရာရရှိခဲ့သလို ဘုရား ၃ ဆူနဲ့ ဘုန်းကြီးကျောင်း ၃ ကျောင်းလည်း ပျက်စီးခဲ့ရပါတယ်။










