DVB Logo
Home
Lead Story
နန်းဆန်ပြီး မန်းဟန်ချည်တဲ့ မန္တလေးမုန့်တီ
DVB
·
May 31, 2015
နန်းဆန်ပြီး မန်းဟန်ချည်တဲ့ မန္တလေးမုန့်တီ
1 / 5
Donate to DVB

မုန့်တီလို့ပြောလိုက်ရင် မန္တလေးကကျုံးမြို့ရိုးကြီးကို မျက်စိထဲတန်းမြင်သလိုမျိုး မုန့်တီကိုလည်း မန္တလေးနဲ့ချက်ချင်းတွဲဖက်မြင်တတ်ကြတယ်။

တခြားမြို့တွေမှာ မုန့်တီ၊ နန်းကြီးသုတ် စတဲ့ အမည် အမျိုးမျိုးခေါ်ပေမယ့် မုန့်တီ နဲ့ မန္တလေးကို ခွဲခြားမရပါဘူး။

မန္တလေးမြို့ကို ခဏတဖြုတ်လာလည်တဲ့ ဧည့်သည်အားလုံးနီးပါးဟာ မန္တလေးမုန့်တီကို တခုတ်တရစားပြီးမှ ပြန်လေ့ရှိကြတာ အစဉ်အလာတခုလိုပါပဲ။

တကယ်တော့ မန္တလေးမြို့မှာ မုန့်တီကို ဘယ်အချိန်ကတည်းက စတင်စားသုံးခဲ့ကြလဲဆိုတဲ့ အထောက်အထားကိုတော့ အခုချိန်မှာ ရှာမတွေ့ရတော့ပါဘူး။

အသက် ၈၀ ကျော် အဘိုးအဘွားတွေကို မေးကြည့်တဲ့အခါမှာလည်း မုန့်တီဆိုတာ သူတို့ကလေးဘ၀ကတည်း အစဉ်အဆက်စားသုံးခဲ့ကြတာဖြစ်တယ်လို့ ပြန်ဖြေတတ်ကြတယ်။

ဟိုးအရင်အချိန်တွေကတော့ မန်းသူမန်းသားတွေဟာ ကြက်သား၊၀က်သားအစုံထည့်ထားတဲ့ ကြက်သားဝက်သားမုန့်တီကို စားခဲ့ကြတယ်။ တချို့ကလည်း အသားစုံထည့်ပြီး အသားစုံမုန့်တီအဖြစ် စားကြတယ်။

ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ မုန့်တီဆိုင်အများစုဟာ ကြက်သားနဲ့ငါးဖယ်ကိုသာ အဓိကသုံးကြပါတော့တယ်။ တချို့မုန့်တီဆိုင်တွေကတော့ အမဲအကြောကိုပါ ထည့်သွင်းအသုံးပြုပါတယ်။

အရသာရှိလှတဲ့ မန္တလေးမုန့်တီဖြစ်ဖို့ ပဲမှုန့်ကောင်းကောင်း၊ ဆီသန့်သန့်နဲ့ချက်ထားတဲ့ ဆီဝါဆီနီတွေ အဓိကလိုအပ်ပါတယ်။ နောက်ပြီး ငံပြာရည်ကောင်းကောင်းပေါ့။
ဒီလိုအဆာပလာတွေအားလုံးစုံပြီဆိုရင်တောင် မန်းလေးမုန့်တီမဖြစ်သေးပါဘူး။

မုန့်တီအတွက် အဓိကအသက်လို့ ပြောလို့ရတဲ့ မုန့်တီဖတ်လိုပါသေးတယ်။
မုန့်တီဖတ်ကိုလည်း ဆိုင်တိုင်းကအလွယ်တကူဝယ်လို့မရနိုင်ပါဘူး။ မုန့်သားကောင်းပြီးအိစက်မှုရှိတဲ့ ဆိုင်တွေကသာ ၀ယ်ယူသုံးကြတာပါ။

11218708_403430376508994_272855420821736748_nဒီနေရာမှာ မဆိုင်တာတခုကို ညှပ်ပြောရရင် ရန်ကုန်မြို့က မန္တလေးမုန့်တီရောင်းချပေးနေတဲ့ နာမည်ကြီး မုန့်တီဆိုင်တချို့ကတောင် မန္တလေးမုန့်တီဖိုတွေက နန်းကြီး၊ နန်းလတ်၊ နန်းသေးမုန့်တီဖတ်တွေ ကို အော်ဒါမှာကြရတယ်။ ဒီလောက်အထိ မန်းမုန့်တီဖိုတွေ ဟာ အောင်မြင်ကြတယ်။

မုန့်တီဖတ်မှာမှ နန်းကြီး၊ နန်းလတ်၊ နန်းသေး၊ ခေါက်ဆွဲပြားဆိုပြီး အစားစားရှိတဲ့အနက် မန္တလေးသူ မန္တလေးသားတွေဟာ နန်းကြီးမုန့်တီကိုပဲ မက်မက်စက်စက် စားတတ်ကြတယ်။

နန်းကြီးမုန့်တီဆိုတာ တယ်လီနောဖုန်းဆင်း ကတ်ကြေညာထဲကလို မုန့်တီဖတ်လေးတွေကိုခေါ်တာမဟုတ်ပဲ သာမာန်လူတယောက်ရဲ့ လက်သန်းလုံးလောက်ပမာဏရှိတဲ့ ဆန်မုန့်တီဖတ်ကို ခေါ်တာပါ။

နန်းလတ်ကတော့ အလွယ်တကူမြင်အောင်ပြောရရင် မြီးရှည်ဖတ်လိုပါ။ နန်းသေးဆိုတာကတော့ မုန့်ဟင်းခါးဖတ်ကိုပြောတာပေါ့။

မန္တလေးမြို့မှာ နာမည်ကြီးတဲ့ မုန့်တီဆိုင်တွေအများကြီးရှိတယ်။ မုန့်တီဆိုင်တွေများသလို မုန့်တီတွေရဲ့ အရသာတွေဟာလည်း တဆိုင်နဲ့တဆိုင်မတူကြပါဘူး။
တချို့ဆိုင်တွေက မုန့်တီကို ချက်ဟင်းနဲ့၊ တချို့က ငါးအနှစ်နဲ့၊ တချို့က အမဲအကြောနဲ့ သူ့တို့ ကိုယ်ပိုင်ပုံစံတွေနဲ့ ပြင်ဆင်ကြတယ်။ ဟင်းရည်ကိုလည်း ထိုနည်းလည်းကောင်းပါပဲ။
တဆိုင်နဲ့တဆိုင်မတူကြပါဘူး။ မန္တလေးမြိုခံ မုန့်တီချစ်သူအများစုကတော့ ဘယ်ဆိုင်က ဘယ်လိုစတိုင်မျိုးရှိတယ်ဆိုတာ သိထားကြပြီးသားပါ။

မန္တလေးမြို့နဲ့ မုန့်တီဟာ အမှန်တကယ်ခွဲမရသလို မန္တလေးမြို့ခံတွေနဲ့ မုန့်တီဟာ တသားတည်းကျအောင် နီးကပ်လွန်းလှပါတယ်။
မန္တလေးမြို့သူ အများစုဟာ မုန့်တီကို အိမ်မှာပဲ ထမင်းစားရေသောက်လုပ်စားတတ်ကြတယ်။ အချိန်မရွေးမုန့်တီလုပ်စားနိုင်ဖို့ ဆီချက်ချက်ထားပြီး ပဲမှုန့် အဆာပလာတွေကို အိမ်မှာအသင့်ဆောင်ထားတတ်ကြတယ်။

11329740_1615634318682823_3882535337541978646_nလက်ရှိအချိန်မှာ နာမည်ကြီးနေတဲ့ မုန့်တီဆိုင်အများစုမှာ မုန့်တီတစ်ပွဲကို ၁၂၀၀ ကျပ်ကနေ ၂၀၀၀ ကျပ်အထိ ပေးရပါတယ်။

မန္တလေးမြို့ခံတော်တော်များများဟာ တခြားမြို့ကလာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို မုန့်တီဆိုင်တွေမှာ တခုတ်တရလိုက်လံဧည့်ခံတတတ်ကြတယ်။ ဧည့်ခံရင်းလည်း မန္တလေးမုန့်တီရဲ့ နာမည်ကျော်ကြားပုံ ဂုဏ်သတင်းတွေအကြောင်းကို အားရပါးရပြောပြတတ်ကြတယ်။

မြို့ခံ မုန့်တီအရူးအမူးကြိုက်သူတွေကတော့ မနက်တိုင်း မုန့်တီမစားရမနေနိုင်အောင် ဖြစ်တတ်ကြတယ်။ တချို့ကတော့ မုန့်တီဆိုင်တဆိုင်ထဲကိုပဲ အစွဲအလမ်းထားပြီး သစ္စာရှိရှိစားတတ်ကြတယ်။ တချို့ကတော့ ဆိုင်ပေါက်စေ့အရသာခံရအောင် တစ်ဆိုင်ချင်းလှည့်စားတတ်ကြတယ်။

11174917_403430253175673_5369582232935416999_nမန္တလေးမြို့မှာ ဟိုတုန်းကတည်းကဖွင့်ခဲ့ပြီး ဒီနေ့အချိန်ထိဖွင့်လှစ်နေဆဲ မူလလက်ဟောင်း မုန့်တီဆိုင်တွေကတော့ စိုးစိုးမုန့်တီ၊ ဒေါ်သန်းမြမုန့်တီ၊ မလွန်ဒေါ်သောင်းစိန်မုန့်တီ၊  ဒေါ်တောမုန့်တီ၊ ကြီးတော်ခွေး မုန့်တီ၊ စိန်ပန်းမုန့်တီနဲ့ ခိုတောင် မုန့်တီတို့ပဲဖြစ်ပါတယ်။
သည်ဘက်ခေတ် မန္တလေးမြို့မှာတော့ မုန့်တီဆိုင်အသစ်တွေဟာ အလျှိုလှျှို ထွက်ပေါ်နေကြတယ်။  တချို့လက်ဖက်ရည် ဆိုင်ကြီးတွေကလည်း မန္တလေးမုန့်တီကို အလွယ်တကူရောင်း ချလာကြပါပြီ။

မုန့်တီ ရဲ့ ထူးခြားတဲ့ အရသာက မုန့်ဖတ်ရဲ့ အဆိမ့်၊ ပဲမှုန့်ရဲ့ အနံ့အရသာ၊ ဆီဝါရဲ့ အဆင်ပြေမှုတွေပေါ်မှာ မူတည်တယ်။ အချို့အရပ်တွေဟာ သူ့ဒေသ ရေ မြေပေါ် အမှီပြုပြီး အရသာ ကွာတယ်ဆိုတာလိုပဲ မုန့်တီ အရသာစစ်စစ်ကို မန္တလေးမှာသာ ခံစားလို့ရနိုင်ပါတယ်။

ဒီနေရာမှာမုန့်တီစားတဲ့ မန္တလေးမြို့ခံတွေအကြောင်း နည်းနည်းဖြည့်ပြောချင်ပါတယ်။ မြို့ခံတချို့ကတော့ မုန့်တီပြင်ပေးတဲ့လူကိုရွေးတယ်။ လက်နဲ့ ပယ်ပယ်နယ်နယ် နယ်ဖတ်ကျွေးတာကို သဘောကျတယ်။ ဆိုင်မှာပဲတစိမ့်စိမ့်အရသာခံပြီးစားတတ်ကြတယ်။
တချို့ကတော့ မုန့်တီသုပ်ထဲကို ထမင်းဖြူလေးရောထည့်ပြီး မြန်မာဆန်ဆန် လက်နဲ့အားရပါးရ နယ်စားချင်ကြပါတယ်။ ဒီလိုစားလိုသူတွေကတော့ မုန့်တီကို ပါဆယ်သာထုပ်သွားလေ့ရှိတယ်။

1546418_1615634292016159_6009692110053800864_nသေချာတာတခုကတော့ မန္တလေးမုန့်တီကို စားပြီးသွားတဲ့အခါမှာလည်း လျှာပေါ်မှာ စိတ်ကျေနပ်စရာအရသာ၊ ခံစားချက်တစ်ခုက သိသိသာသာထင်ကျန်ရစ်စေရစ်တာပဲဖြစ်ပါတယ်။
“စားပြီးရင်လည်း ထပ်စားချင်တုန်းပဲ” ဆိုတဲ့ တခေတ်တစ်ခါက ကျော်ကြားခဲ့တဲ့ ကြေညာတခုထဲက စာသားလိုပါပဲ။

အေးမွန်ရာပြည့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013