
စစ်အာဏာရှင်အစိုးရဟာ သူ့လက်အောက်ခံ ဌာနဆိုင်ရာတွေမှာ ဝန်ထမ်းလိုအပ်ချက် များစွာရှိနေ တဲ့အတွက် ဝန်ထမ်းတွေရဲ့ လုပ်သက်ပြည့်ပင်စင်နဲ့ လျှော့ပေါ့ပင်စင်ယူခွင့်(ခံစား)တွေကို ယာယီ ရပ်ဆိုင်းထားရတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးက အောက်တိုဘာ ၂၀ ရက် အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် ၉ မှ ဒေါ်ကျင်သိန်းက လက်ရှိမှာ ပညာရေးဝန်ထမ်းတွေ အနေနဲ့ အသက် ၅၅ နှစ်ပြည့်ပြီး ဝန်ထမ်းလုပ်သက် နှစ် ၃၀ ပြည့်ပေမဲ့လည်း နှစ်ပြည့်ပင်စင်လျှောက်ထားခွင့် မပြုတာကြောင့် အစိုးရက လျှောက်ထားခွင့် ပြု၊ မပြုနဲ့ ခံစားခွင့် ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းကို အခုလို ပြန်လည်ဖြေဆိုတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းနေရတဲ့ကာလမှာ ပညာရေး ဖွံ့ဖြိုး တိုးတက်ဖို့နဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးဖို့ လိုအပ်နေတာ၊ အခြေအနေ အရပ်ရပ်ကြောင့် ဝန်ထမ်းပြုန်းတီးမှုတွေ ရှိနေလို့ သင်ကြားသင်ယူမှု လုပ်ငန်းတွေနဲ့ ရုံးလုပ်ငန်းတွေ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ဖို့၊ ဝန်ထမ်းအင်အား နည်းပါးနေပြီး ထပ်မံဖြည့်တင်းဖို့ လိုအပ်နေတာ၊ မျိုးဆက်သစ်တွေ ပညာသင်ယူမှု ရပ်တန့်မသွားစေဖို့နဲ့ ဝန်ထမ်းလိုအပ်ချက်ကို အစွမ်းကုန် ဖြည့်ဆည်းကြိုးပမ်းနေရတဲ့အတွက် အခုလို ရပ်ဆိုင်းထားရတာ ဖြစ်တယ်”လို့ ပြောပါတယ်။
ဒါကြောင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ(ခ)ပါ အသက် ၅၅ နှစ်ပြည့်ပြီးတဲ့ ဝန်ထမ်း ဟာ လုပ်သက် နှစ် ၃၀ ပြည့်ရင် နှစ်ပြည့်ပင်စင် ခံစားခွင့်ရှိတယ်လို့ ပြဋ္ဌာန်းချက်ပါ နှစ်ပြည့်ပင်စင်နဲ့ နည်းဥပဒေခွဲ(ဆ)ပါ လျှော့ပေါ့ပင်စင်ခံစားခွင့်တွေကို ၂၀၂၂ ခုနှစ် စက်တင်ဘာလကစပြီး ယာယီ ရပ်ဆိုင်းထားရတာလို့ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ဆိုပါတယ်။
အခုလို လိုအပ်ချက်တွေကြောင့် ဝန်ထမ်းတွေရဲ့ ခံစားခွင့်ကို ရပ်ဆိုင်းထားပေမဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ထိန်းသိမ်းဖို့၊ လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းတွေရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ဆက်လက်အထောက်အကူပြုစေဖို့နဲ့ လုပ်ငန်းကျွမ်းကျင်တဲ့ လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းတွေကို နိုင်ငံတော်က ဆက်လက်ချီးမြှောက်တဲ့ အနေနဲ့ ဝန်ထမ်းတွေရဲ့ အငြိမ်းစားယူရမဲ့ အသက်ကို ၆၂ နှစ်လို့ ပြင်ဆင်ပေးခဲ့တယ်လို့ ပြောပါတယ်။
နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၅၈ မှာ ဝန်ထမ်းဟာ အငြိမ်းစားယူရမဲ့အသက် မပြည့်သေးပေမဲ့ လုပ်သက်နှစ် ၃၀ ပြည့်ရင် နှစ်ပြည့်ပင်စင်ခံစားခွင့်ရှိပြီး သတ်မှတ်လုပ်သက် မပြည့်သေးတဲ့ ဝန်ထမ်းအနေနဲ့ အငြိမ်းစားယူဖို့လိုအပ်ရင် အစိုးရအဖွဲ့က တာဝန်လွှဲအပ်ထားတဲ့ အဖွဲ့အစည်းရဲ့ သဘောတူညီချက်နဲ့ ပင်စင်ခံစားခွင့်ပြုနိုင်သလို ပုဒ်မ ၆၂ မှာ ဝန်ထမ်းက ပုဒ်မ ၅၈ အရ နှစ်ပြည့် ပင်စင်ခံစားခွင့် တောင်းခံတဲ့အခါ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ငြင်းပယ်ခြင်း မပြုရလို့ ပြဋ္ဌာန်း ထားပါတယ်။
ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၃၃ နည်းဥပဒေခွဲ(ခ)မှာ ဝန်ထမ်းဟာ လုပ်သက် နှစ် ၃၀ ပြည့်ရင် နှစ်ပြည့်ပင်စင်ခံစားခွင့် ရှိသည်လို့ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းတယောက်က အငြိမ်းစားယူရမဲ့အသက် မပြည့်သေးသော်လည်း လုပ်သက် နှစ် ၃၀ ပြည့်ပါက ခံစားခွင့်ပြုဖို့ တောင်းခံလာရင် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းအနေနဲ့ ငြင်းပယ်ခြင်းမပြုရဘဲ ခံစားခွင့်ပြုရမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။
နိုင်ငံ့ဝန်ထမ်းဥပဒေ ၆၂ နဲ့ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၃၃(ခ)အရ အသက် ၅၅ နှစ်ပြည့်ပြီးတဲ့ ဝန်ထမ်းတွေ လုပ်သက်နှစ် ၃၀ ပြည့်ရင် နှစ်ပြည့်ပင်စင်ခံစားခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပေမဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ အသက် ၆၂ နှစ်ပြည့် ဝန်ထမ်းကို သက်ပြည့်ပင်စင်၊ အမှန်တကယ် နာမကျန်းဖြစ်တဲ့ လုပ်သက် ၁၀ နှစ်ပြည့်ပြီး ဝန်ထမ်းကို နာမကျန်းပင်စင်နဲ့ တာဝန်ထမ်းဆောင်နေဆဲ အချိန်မှာ ကွယ်လွန်သွားတဲ့ ဝန်ထမ်းကို မိသားစုပင်စင် စတဲ့ ပင်စင်ခံစားခွင့်တွေကိုပဲ ခွင့်ပြုပေး နေတယ်လို့ ဒုတိယဝန်ကြီးက ဆိုပါတယ်။











