
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာနဲ့ ပန်းဖဲချောင်းကျေးရွာကြားရှိ ယိုးချောင်း တံတား ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ရခိုင်ပြည်နယ် မြောက်ပိုင်းက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့ကို ကုန်သွယ်မှုနဲ့ ခရီးသွားလာမှုအပေါ် ရိုက်ခတ်မှု ရှိနေတယ် လို့ ကုန်သည်တွေနဲ့ ကားသမားတွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်က နိုဝင်ဘာ ၁ ရက် ညနေပိုင်းက ယိုးချောင်းတံတားကို ဗုံးကြဲဖျက်ဆီးခဲ့တာ ဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အနီးနားက ဈေးဆိုင်တွေက ကလေးငယ်တွေ အပါအဝင် လမ်းသွား လမ်းလာ လုပ်နေကြတဲ့ အရပ်သား ၇ ယောက် သေဆုံးခဲ့ကာ နောက်ထပ်လည်း ၇ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
အခု စစ်အာဏာရှင်တပ်က ဗုံးကြဲဖျက်ဆီးခဲ့တဲ့ ယိုးချောင်းတံတားဟာ စစ်တွေ-ရန်ကုန် ကားလမ်းမ ရဲ့ အဓိက အရေးပါတဲ့ တံတားတစင်းဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့က ဒေသခံတွေဟာ ကုန်စည်စီးဆင်းမှုနဲ့ ကုန်းလမ်းခရီး တွေအတွက် အဓိကအားထား အသုံးပြုနေကြရတဲ့တံတား ဖြစ်တာကြောင့် ကုန်စည်စီးဆင်းမှု အပိုင်းမှာ ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်လာနေတယ်လို့ ဘူးသီးတောင်မြို့က ကုန်သည် တယောက်က ပြောပါတယ်။
“ယိုးချောင်းတံတားက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်အတွက် ကုန်စည်စီးဆင်းမှုနဲ့ ကုန်းလမ်းခရီးတွေအတွက် အဓိက ဖြတ်သန်းအသုံးပြုနေရတဲ့ တံတား ဖြစ်တယ်။ ဒီတံတားက လုံးဝ ပျက်စီးသွားတော့ လမ်းက ဖြတ်သန်းသွားလာလို့ မရတော့ဘူး။ ရေကြောင်းက ကုန်စည်တွေ ပို့ဆောင်လို့ရပေမဲ့ ကားနဲ့ တရက်ခရီးကို ရေကြောင်းက ၃ ရက် လောက်ကြာတော့ ကုန်စည်ပို့ဆောင်မှုမှာ ကြန့်ကြာမှုဖြစ်သွားတာပေါ့။”
စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ယိုးချောင်းတံတားမှာ စစ်တွေ-ရန်ကုန် လမ်းမကြီးပေါ်မှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါတဲ့ တံတားတစင်းလည်း ဖြစ်ပါတယ်။
လက်ရှိမှာ တံတားချိုးဖျက်ခံထားရတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေက ခရီးသွားတွေဟာ ကူးတို့ကူးပြီး သွားလာ ကြရတာနဲ့ လမ်းရှောင်ကွင်းပြီး သွားလာနေကြရတာကြောင့် အချိန်ကြန့်ကြာ နေကြတယ်လို့လည်း ဒေသခံ ခရီးသွားတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်က ယိုးချောင်းတံတားကို ဗုံးကြဲဖျက်ဆီးတာဟာ ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ် တွေကို ကုန်စည်စီးဆင်းမှုနဲ့ လမ်းပန်းဆက်သွယ်ရေးကို ဖြတ်တောက်နိုင်ဖို့ တမင် ရည်ရွယ်ပြီး လုပ်လိုက်တာလို့ ကျောက်တော်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ယိုးချောင်းတံတားကို လေကြောင်းတိုက်ခိုက်ပြီး ဖျက်ဆီးတယ်ဆိုကတည်းက စစ်တပ်က ရခိုင် မြောက်ပိုင်းက မြို့နယ် ၄ ခုကို လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ချင်လို့ လုပ်လိုက်တာ ဖြစ်တယ်။ အထူးသဖြင့် ကုန်စည်စီးဆင်းမှုနဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေဖို့ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်လိုက်တာ။ အရင်က စစ်တပ်ဝါဒဖြန့်တာတွေမှာ လမ်း၊ တံတားတွေကို သူပုန်တွေက ဖျက်ဆီးတယ်ဆိုပြီး ဝါဒဖြန့်တာတွေ တွေ့ဖူးတော့ အခု သူတို့ကိုယ်တိုင် ဖျက်ဆီး နေတော့ စစ်တပ်အနေနဲ့ ကိုယ့်အဆင့် ဘယ်ကိုရောက်နေပြီလဲဆိုတာ သိဖို့ကောင်းပြီ။”
ရခိုင်ပြည်နယ် မြောက်ပိုင်းက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့ ဟာ ကုန်စည်စီးဆင်းမှုအတွက် ကျောက်တော်မြို့နယ်ကို အဓိက အားထားပြီး ကုန်သွယ်နေကြ ရတာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က မြို့၊ ရွာတွေကို နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး နိုဝင်ဘာ ပထမ ၅ ရက် အတွင်းမှာတင် လေကြောင်းဗုံးကြဲလို့ အရပ်သား ထိခိုက်သေဆုံးသူ ၁၅ ယောက်အထိ ရှိလာနေပြီး ဒဏ်ရာရရှိသူလည်း ၄၀ အထိ ရှိလာပါတယ်။











