
အီရန်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒကို ရင်ဆိုင်ဆန့်ကျင်နေရတဲ့ သမိုင်းဝင် အခိုက်အတန့်နဲ့ ကြုံနေရတာကြောင့် ပြည်တွင်းမှာ စည်းလုံးကြဖို့နဲ့ နိုင်ငံရဲ့အရာရှိတွေဟာ လက်ရှိ စီးပွားရေးအခက်အခဲ အကျပ်အတည်းတွေကို ဖြေရှင်းကျော်လွှားကြဖို့ အီရန်ရဲ့ အဓိပတိသစ် မိုဂျတာဘာ ခါမေနီက မေ ၂၁ ရက်မှာ တိုက်တွန်းပါတယ်။
ကွယ်လွန်သူ အီရန်သမ္မတဟောင်း အီဘရာဟင်ရိုင်စီ ကွယ်လွန်ခြင်း ဒုတိယနှစ်ပတ်လည် အထိမ်းအမှတ်မိန့်ခွန်းမှာ ခါမေနီက အခုလက်ရှိအခြေအနေဟာ အစိုးရမဏ္ဍိုင် ၃ ရပ်ရဲ့ ခေါင်းဆောင် တွေကစလို့ အဆင့်ဆင့်သော အုပ်ချုပ်သူတွေအထိ အီရန်အရာရှိတွေအပေါ် ပိုမိုကြီးမားလေးလံတဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နေကြရတယ်လို့ ပြောပါတယ်။
သူတို့မှာ အမျိုးသားစည်းလုံးညီညွတ်မှုကို မြှင့်တင်ဖို့နဲ့ အီရန်ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ စီးပွားရေးနဲ့ စားဝတ်နေရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်လို့ ပြောပါတယ်။
တနေ့တည်းမှာပဲ အီရန်ပါလီမန်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါဂါလီဘတ်ဖ်က အမေရိကန်ဟာ စစ်ပွဲကို ပြန်စတင်ဖို့ ကြိုးပမ်းနေပြီး အီရန်က လက်နက်ချလိမ့်မယ်လို့ မျှော်လင့်နေဆဲဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်ရဲ့ လှုပ်ရှားမှုတွေဟာ စီးပွားရေးနဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေ ရှိနေပေမဲ့လည်း "သူ့ရဲ့ စစ်ရေးရည်မှန်းချက်တွေကို စွန့်လွှတ်ခြင်းမရှိဘဲ စစ်ပွဲအသစ်တခု စတင်ဖို့ အကြောင်းရှာနေတာ" ကို ပြသနေတယ်လို့လည်း ဆိုပါတယ်။
အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်း အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ "ကျူးကျော်မှု"သာ တကျော့ပြန် စတင်လာရင် စစ်ပွဲဟာ အနောက်အာရှဒေသ အလွန်အထိ ကျယ်ပြန့်သွားလိမ့်မယ်လို့ မနေ့က သတိပေးလိုက်ပါတယ်။
"သူတို့က သူတို့ရဲ့ စစ်တပ်အင်အား စွမ်းဆောင်ရည်အားလုံးနဲ့ ကျနော်တို့ကို တိုက်ခိုက်ခဲ့ပေမဲ့ ကျနော် တို့ဘက်ကတော့ စွမ်းဆောင်ရည် အားလုံးကို ထုတ်မသုံးရသေးပါဘူး" လို့ IRGC က ထုတ်ပြန် ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဆေယစ်ဒ်အက်ဘာ့စ်အာရက်ချီကလည်း စစ်ပြန်ဖြစ်ရင် အမေရိကန်အတွက် ပိုပြီးအံ့အားသင့်စရာတွေ ကြုံရလိမ့်မယ်လို့ သတိပေးထားပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ စစ်ဘက်ဆိုင်ရာဌာနတွေကြား အနီးကပ် ပူးပေါင်းညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်းမှာ ဒေသတွင်းတင်းမာမှုတွေ လျော့ကျသွားဖို့နဲ့ စစ်ပွဲတကျော့ပြန်မဖြစ်အောင် တားဆီးဖို့အတွက် ကာတာနိုင်ငံက သံတမန်ရေးရာအရ ကြိုးပမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်နေပြီး ပါကစ္စတန်ရဲ့ ကြိုးပမ်းမှုတွေကိုလည်း အပြည့်အဝ ထောက်ခံတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုနောက်ဆုံး အခြေအနေတွေအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ကို နောက်တကြိမ် ထပ်တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားပြီး၊ သဘောတူညီချက်မရရင် လာမဲ့ ရက်ပိုင်း အတွင်းမှာတင် စစ်ပွဲ ပြန်စနိုင်တယ်လို့ သတိပေးထားပါတယ်။
ထရမ့်ပ်က အီရန်ခေါင်းဆောင်တွေဟာ သဘောတူညီချက်ရဖို့ တောင်းပန်နေကြတယ်လို့ ဆိုပေမဲ့ ဝါရှင်တန်အနေနဲ့ အီရန်ကို နျူကလီးယားလက်နက် အသစ်ပိုင်ဆိုင်ခွင့် လုံးဝ ပေးမှာမဟုတ်ဘူးလို့ အပြတ်ပြောထားပါတယ်။
ဒုသမ္မတ ဂျေဒီဗန့်စ်ကလည်း ဆွေးနွေးပွဲတွေ ပျက်သွားရင် တိုက်ခိုက်ဖို့ အမေရိကန်က "အဆင်သင့် အနေအထား" မှာ ရှိနေဆဲပဲလို့ ဆိုပါတယ်။
Source:Reuters











