တော်လှန်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးရန် ပလက်ဝပြည်သူများကို IKACC တိုက်တွန်း

လက်ရှိဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ ဒေသတခု ဒါမှမဟုတ် အမျိုးသားတစု လွတ်မြောက်ရေး အတွက်သာ မဟုတ်ဘဲ တနိုင်ငံလုံး လွတ်မြောက်ရေးကို ဦးတည်ဆင်နွှဲနေတာဖြစ်လို့ တော်လှန်ရေး လုပ်ငန်းစဉ်တွေအတွက် ငွေကြေးအပါအဝင် အဖက်ဖက်ကနေ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ ပလက်ဝ ပြည်သူတရပ်လုံးကို ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က နိုဝင်ဘာ ၂၃ ရက်မှာ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
ပလက်ဝပြည်သူတရပ်လုံးအနေနဲ့ တော်လှန်ရေးတာဝန် ကျေပွန်နိုင်ဖို့အတွက် အမျိုးသားရေး တာဝန် တရပ်အနေနဲ့ IKACC ရဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ပလက်ဝမြို့နယ် ခူမီးချင်းမျိုးနွယ်စုတရပ်လုံးရဲ့ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကနေ ရပ်တည်ဖို့ IKACC ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှာ ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် IKACC အနေနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ ပြည်ထောင်စုအဆင့်၊ ချင်းအမျိုးသားအဆင့်နဲ့ ဒေသအဆင့် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်နေပြီး တော်လှန်ရေးတိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါနဲ့ အသက်ခန္ဓာ စွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေနဲ့ အာဇာနည်သူရဲကောင်းတွေကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။











