
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက ပက်ရှာဝါမြို့မှာ အောက်တိုဘာ ၁၂ ရက်က လုံခြုံရေး တင်းကျပ်ထားပါတယ်။
ပြည်ထောင်စုအစိုးရက ခိုင်ဘာပက်ခ်တွန်ခွာပြည်နယ်မှာ အရေးပေါ်အုပ်ချုပ်ရေး ကြေညာပြီး တဲ့နောက် တရက်အကြာမှာ ခုလို လုံခြုံရေး တင်းကျပ်ထားပြီး ခရိုင်တဝန်းလုံးက အဓိက လမ်းမကြီးတွေကိုလည်း ပိတ်ထားတဲ့အပြင် ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း ပိတ်ထား ပါတယ်။
ကန့်သတ်ချက်တွေကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောခဲ့ပါတယ်။ အခုလုပ်ဆောင်လိုက်တဲ့ အစီအမံက ပြည်သူတွေအတွက် ပြဿနာတွေ ဖြစ်စေပါတယ်။ တချို့က အလုပ်သွားရမယ်၊ တချို့က ဆေးရုံသွားရမယ်၊ သူတို့အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဒေသခံ မိုဟာမက် ရှာဇိုင်ဘ်က ပြောပါတယ်။
ပြည်နယ်အစိုးရကို ရပ်ဆိုင်းထားလိုက်ပြီး အစိုးရအဖွဲ့သစ်တရပ် ဖွဲ့စည်းဖို့ လပေါင်းများစွာ အချိန်ကြာနိုင်တဲ့အတွက် အကြမ်းဖက်မှုတွေ ပိုမြင့်လာလိမ့်မယ်လို့ နောက်ထပ် ဒေသခံ တယောက် ဖြစ်သူ မိုဟာမက် နိုမန်က သတိပေး ပြောဆိုခဲ့ပါတယ်။
ပက်ရှာဝါမြို့ ဒုတိယကော်မရှင်နာရဲ့ ညွှန်ကြားချက်အရ တနင်္လာနေ့မှာ ခရိုင်တဝန်း ကျောင်းတွေ၊ ကောလိပ်တွေနဲ့ တက္ကသိုလ်တွေ အပါအဝင် အစိုးရနဲ့ ပုဂ္ဂလိကပိုင် ပညာရေးဆိုင်ရာ အဖွဲ့အစည်း အားလုံးကို ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး ကျောင်းအဆောက်အအုံတွေ အပြင်ဘက်မှာလည်း ပိတ်ထားတဲ့အကြောင်း ကြေညာချက်တွေ ကပ်ထားခဲ့ပါတယ်။
ပါကစ္စတန်သမ္မတက တနင်္ဂနွေနေ့မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းရဲ့ မဟာမိတ်ဖြစ်သူ ဆိုဟေးလ် အာဖရီဒီ ဦးဆောင်တဲ့ ခိုင်ဘာ ပက်ခ်တွန်ခွာ ပြည်နယ် အစိုးရကို ရပ်ဆိုင်းခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒီပြည်နယ်အတွင်း အစ္စလာမ္မစ်အစွန်းရောက် လက်နက်ကိုင် လှုပ်ရှားမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ပြည်နယ်အစိုးရက မအောင်မြင်ခဲ့တဲ့ အတွက် အရေးပေါ်အုပ်ချုပ်ရေးကို ချမှတ်ခဲ့တာလို့ ပြည်ထောင်စုအစိုးရက ပြောခဲ့ပါတယ်။
ခန်းရဲ့ ပါကစ္စတန် တီရစ်ခ်-အီ-အင်ဆာ့ဖ်ပါတီ (PTI) က ဒီပြောဆိုချက်ကို ငြင်းဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်းကို ပြန်လွှတ်ပေးဖို့ အစိုးရကို ဖိအားပေးတဲ့အနေနဲ့ အစ္စလာမ္မာဘတ်မြို့ဆီ ချီတက်ဆန္ဒပြမဲ့ ခန်းကို ထောက်ခံသူတွေကို ဟန့်တားဖို့ ရည်ရွယ်ချက်နဲ့ ခုလိုလုပ်တာလို့လည်း ပြောပါတယ်။
ပြည်နယ်အစိုးရကို ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် ခန်းရဲ့ပါတီက နိုင်ငံရေးသမားတွေ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတယ်လို့ ပြည်ထောင်စု ဥပဒေရေးရာဝန်ကြီး အာဇမ် နာဇီယာ တာရာက တနင်္ဂနွေနေ့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Source: Reuters











