DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ရေကြည်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရ
DVB
·
September 10, 2026
လက်နက်ကြီးကျရောက်ခဲ့သည့်နေရာ (Photo: Myo Min)
လက်နက်ကြီးကျရောက်ခဲ့သည့်နေရာ (Photo: Myo Min)
Donate to DVB

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ဇီရိုးစမ်းကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား သုံးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၉ ရက် မနက် ၅ နာရီခန့်က ရေကြည်မြို့နယ် ဇီရိုးစမ်းကျေးရွာကို လက်နက်ကြီးကျည် သုံးခါ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး နှစ်ယောက်နဲ့ အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်ကို သိရှိသူတယောက်က “လက်နက်ကြီးကျည် သုံးခါကျတာ။ ရွာထဲက အိမ်တွေပေါ်ကို ကျတာ။ ဒဏ်ရာရရှိသူတွေ အားလုံးက အရပ်သားတွေပါ။ အိမ်တွေလည်း ပျက်စီးကုန်တယ်” လို့ ပြောပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ ကျော်အရွယ် ဒေါ်ပြုံး၊ အသက် ၃၀ ကျော်အရွယ် ကိုလတတ်နဲ့ အသက် ၅၀ ကျော်အရွယ် ဒေါ်သေးသေးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ ဆိုပါတယ်။

စစ်ရေးသတင်းရင်းမြစ်က “အမြောက်တပ်ကို အင်အားထပ်ဖြည့်နေတယ်လို့ သိရတယ်။ ဂျက်ဖိုက်တာတွေ၊ Y-12 တွေနဲ့လည်း ရခိုင်ရိုးမအစပ်နဲ့ အမြောက်တပ်အနီးကို ပစ်နေတယ်။ အမြောက်တပ်အနီးက ရွာတွေက ဒေသခံတွေ သတိထားသင့်တယ်” လို့ ပြောပါတယ်။

ဒဏ်ရာရရှိသူတွေထဲက အသက် ၆၀ ကျော်အရွယ် ဒေါ်ပြုံးဆိုသူ အမျိုးသမီးက စိုးရိမ်ရတဲ့ အခြေအနေမှာရှိပြီး အရပ်သားတွေရဲ့အိမ် လေးလုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြောက်စမ်းရွာအခြေစိုက် အမြောက်တပ် အမတ-၃၄၄ ကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက လတ်တလော ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် စစ်အာဏာရှင်တပ်က လေကြောင်းပစ်ကူတွေနဲ့ ပြန်လည်ခုခံနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် လက်ရှိမှာ စစ်အာဏာရှင်တပ်သားတွေဟာ ငါးသိုင်းချောင်းမြို့အနီးရှိ ရေနံ့သာစစ်ဆေးရေးဂိတ်မှာ လုံခြုံရေးတိုးမြှင့်ထားသလို အမြောက်တပ်ဝန်းကျင်၊ ရခိုင်ရိုးမနဲ့ ဆက်စပ်တဲ့ နေရာတွေမှာလည်း အင်အားဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013