
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဖီလာဒဲလ်ဖီးယားရဲတပ်ဖွဲ့ကတော့ ဘာသာပြန်ကင်မရာတွေ အသုံးပြုပြီး ဘာသာစကားမတူတဲ့ နိုင်ငံခြားသားတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်မှုကို စတင်ခဲ့ပါတယ်။
ရဲတွေ ကိုယ်ပေါ်မှာ တပ်ဆင်ထားတဲ့ Body ကင်မရာတွေက ဘာသာစကား ၅၀ ချက်ချင်း ပြန်ပေး နိုင်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲလာရောက်ကြတဲ့ ပရိသတ်တွေဟာ ဒေသခံရဲတပ်ဖွဲ့တွေနဲ့ ဆက်သွယ်မှု ပိုပြီးလွယ်ကူစေမှာ ဖြစ်ပါတယ်။
အရင်တုန်းကတော့ ဘာသာစကားကျွမ်းကျင်သူတွေကို ခန့်ထားတဲ့ ဘာသာပြန်အကူအညီပေး ဝန်ဆောင်မှုတွေရှိခဲ့ပေမဲ့ နှောင့်နှေးမှုတွေရှိခဲ့ပါတယ်။
အခုအချိန်မှာတော့ နည်းပညာအားသာချက်က အဲ့ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
ဖီလာဒဲလ်ဖီးယားရဲတပ်ဖွဲ့ ရဲမင်းကြီး ကီဗင်က နည်းပညာက ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုပြီး အကျိုးရှိရှိလုပ်ဆောင်နိုင်ဖို့ အပြောင်းအလဲ ၁ ခုပါပဲ လို့ ဆိုပါတယ်။
ကီဗင်ရဲ့ ပြောကြားချက်အရ ရဲတပ်ဖွဲ့ဟာ အင်္ဂလိပ်စကားမပြောတဲ့ နိုင်ငံကပရိသတ်တွေနဲ့ ဆက်သွယ်ပြောဆိုတဲ့ နေရာမှာတော့ ဘာသာပြန်ကင်မရာတွေက အထောက်အကူ ဖြစ်စေမှာပါလို့ ပြောပါတယ်။
ဒါပေမဲ့ အမူအခင်းနဲ့ဆိုင်တဲ့ကိစ္စတွေမှာတော့ လက်မှတ်ရ ကျွမ်းကျင်ဘာသာပြန်တွေကို အားကိုး နေရတုန်းပဲလို့လည်း ပြောပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရာ ဖီလာဒဲလ်ဖီးယားမှာရှိတဲ့ ရဲတွေကို တပ်ဆင်ပေးထားတဲ့ Body ကင်မရာတွေဟာ ဒိုင်ယာလော့ပြောဆိုမှုတွေကို ဘာသာပြန်ပေးရုံသာမက ပတ်ဝန်းကျင်က ကြားသမျှ အသံတွေကိုပါ ဘာသာပြန်ပေးနေတာက အဓိက ကန့်သတ်ချက် ၁ ခုလိုလည်း ကီဗင်က ဆိုပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို လာကြည့်တဲ့သူတွေ ဘေးကင်းဖို့နဲ့ အထောက်အကူရဖို့ ရဲတပ်ဖွဲ့မှာ Body ကင်မရာကတဆင့် ဘာသာပြန်မှုတွေ ထည့်သွင်းပေးထားပေမဲ့ လိုအပ်ချက်တွေတော့ ရှိနေဆဲ ဖြစ်ပါတယ်။
Source:Reuters










