အီရန်ဘက်က ငြင်းဆိုပေမဲ့ နှစ်နိုင်ငံ ဆွေးနွေးနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထပ်ပြောလိုက်သလို ဒါဟာ အီရန်အတွက် “ခေါင်းမဖြတ်မီ နောက်ဆုံးအခွင့်အရေး” ဖြစ်တယ်လို့လည်း ခြိမ်းခြောက်လိုက်ပါတယ်။
ဆော်ဒီအာရေဗျ၊ ယူအေအီးနဲ့ ကာတာတို့ရဲ့ တောင်းဆိုချက်ကြောင့် ဆွေးနွေးပွဲကို ဆက်လုပ်ဖို့ သဘောတူခဲ့တယ်လို့ ဩဂုတ် ၃ ရက် အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ထရမ့်ပ်က ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ ဆွေးနွေးနေတာ မရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုပါတယ်။
ဟော်မုဇ်ရေလက်ကြား သင်္ဘောသွားလာရေးအတွက် အိုမန်နဲ့သာ ဆွေးနွေးနေတယ်လို့ အီရန်ဘက်က ဆိုပါတယ်။
ဒီဆွေးနွေးမှုတွေမှာ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ် ဖျက်သိမ်းရေးတို့ ပါဝင်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရခဲ့သေးပေမဲ့ နောက်ပိုင်းမှာ ပြန်လည်ပျက်ပြားသွားခဲ့ပါတယ်။
စစ်ပွဲစတင်ပြီး ၅ လကျော်ကြာတဲ့အထိ အီရန်က ဒုံးကျည်တွေ ဆက်လက်ပစ်ခတ်နိုင်စွမ်းရှိသလို ယူရေနီယံတွေကိုလည်း သိုလှောင်ထားဆဲ ဖြစ်ပါတယ်။
အီရန်ဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခံထားရပေမဲ့ သူတို့ကတော့ အရပ်ဘက်သုံးအတွက်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
Source: Reuters










