DVB Logo
Home
မြန်မာသတင်း
ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်ဖမ်းဆီးထားသူများကို ရုံးထုတ်စစ်ဆေး
DVB
·
May 29, 2015
ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်ဖမ်းဆီးထားသူများကို  ရုံးထုတ်စစ်ဆေး
Donate to DVB

ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးထားသူတွေကို ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တရားရုံးမှာ မတရားအသင်းပုဒ်မ ၁၇(၁) စွဲချက်နဲ့  တရားစွဲဆို ရုံးထုတ်စစ်ဆေးနေပါတယ်။

ရခိုင်ပြည်နယ် နေရာပေါင်းစုံက လူတွေကို စစ်တပ်က ဖမ်းဆီးပြီး ၁၁ ဦးကို  မေ ၂၈ ရက်နဲ့ အယောက် ၂၀ ကို  မေ ၂၉ ရက်နေ့တွေမှာ ရုံးထုတ်စစ်ဆေးတယ်လို့ ဖမ်းဆီးခံရသူဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးဦးထွန်းလှက ပြောပါတယ်။

“ဒီနေ့က အယောက် ၂၀ ထုတ်ပါတယ်။ ၁၀ ယောက်က ၁ မှု၊ ၇ ယောက်က ၁ မှု၊ ၃ ယောက်က ၁ မှု စုစုပေါင်း အမှု ၃ မှုပေါ့နော်။ မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ ပုဒ်မ ၁၇  (၁ -၂ ) အရ တရားစွဲဆိုတာပေါ့နော်။ အဲဒီမှာ ဒီကနေ့ ကျနော်တို့ ရှေ့နေပါဝါတင်ပြီးတော့ တရားလို စစစ်ပါတယ်။  တရားလိုက ကျောက်တော်မြို့နယ်စခန်းမှူး ဦးမင်းလွင်ပေါ့နော်။ ဒီနေ့ ထူးခြားတာကတော့ စကခ (၉) က ဗိုလ်ကြီးက တရားခံပါ သက်သေတွေပစ္စည်းတွေ လာအပ်တဲ့အတွက် သူက အမှုဖွင့် တရားစွဲဆိုတယ်ဆိုတဲ့အချက်က ပေါ်ပေါက်ပါတယ်။ သူတို့ကို ကိုယ်တိုင်က ဖမ်းမိတာတော့မဟုတ်ဘူး။ စရဖကနေ စစ်ဆေးပြီးမှ လာအပ်တဲ့အတွက် သူက အမှုဖွင့် တရားစွဲဆိုရတယ်ဆိုတဲ့အကြောင်း ပေါ်ပေါက်ပါတယ်။”

မေ ၂၈ ရက်နေ့ကလည်း ၁၁ ဦးကို ရုံးထုတ်ခဲ့ပြီး လာမယ့် ဇွန် ၂ ရက်နေ့မှာ နောက်ထပ် ၁ ဦးကို သီးသန့်ထုတ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီကနေ့ ရုံးထုတ်တဲ့ အယောက် ၂၀ ကိုတော့ ဇွန် ၄ ရက်နေ့ ပြန်လည်ချိန်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်ဖြူ၊ မြောက်ဦး၊ မြေပုံ၊ ပလဲဝ အစရှိတဲ့ နယ်ပေါင်းစုံက လူ ၃၂ ဦးကို စစ်တပ်က ဖမ်းဆီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးထားသူအများစုဟာ ရက္ခိုင့်တပ်မတော်က တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ကျောက်တော် မြို့မရဲစခန်းမှူး  ရဲမှူးဦးခင်မောင်က ဒီဗွီဘီကို ပြောပါတယ်။

မင်းပြားမြို့နယ် ငါးဇင်ရိုင်းချောင်း ကျေးရွာက ကျောင်းဆရာ ဦးရွှေလုံးက ပြီးခဲ့တဲ့လက ဖမ်းဆီးခံရတာလို့ သူ့အတွက် ကူညီပေးတဲ့ ရွာသားတဦးက ပြောပါတယ်။

“သူ့နာမည်က ရွှေလုံး၊ အုတ်ဖုတ်လုပ်နေတဲ့အချိန်မှာ သူ့ကို ဖမ်းဆီးသွားတာပဲ။ သူက ရက္ခိုင့်တပ်မတော်နဲ့ အဆက်အသွယ်ရှိလား၊ မရှိလားတော့ ကျနော်တို့ မသိဘူး။ သူက စစ်ကိုင်းကျောင်းဆင်း ကျောင်းဆရာလေ။ သူက မဟုတ်ဘဲနဲ့ အဖမ်းခံလိုက်ရတာ၊ သူက လူမှုရေးလုပ်နေတဲ့သူတယောက်၊ သူ့ကို အဲလို ဖမ်းဆီးတော့ စိတ်မကောင်းဖြစ်မိတာပေါ့။”

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ ရက္ခိုင့်တပ်မတော်နဲ့ အစိုးရ စစ်ကြောင်းတွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ရာနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013