
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်း ၃ ခုနေရာကို ဒီနေ့ ဧပြီ ၃ ရက်မှာ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ကစလို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖားကန့်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေက ဖားကန့်ဗျူဟာကုန်း အနောက်ခြမ်းမှာရှိနေတဲ့ စစ်ကောင်စီ ကာကင်းတချို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နောက်မှာ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုပစ်နေတာ ဆုံးရှုံးသွားတဲ့ ကာကင်းနေရာတွေကို။ ပထမအကြိမ်ကြဲတုန်းက မနေ့တုန်းက ရွာတွေကိုပဲ ကျန်တာတွေ မသိရသေးဘူး။ ဒီနေ့တော့ လမ်းတွေမပိတ်တော့ဘူး။ ဒုတိယအကြိမ်ကြဲတော့ အမှိုက်ပုံကျေးရွာ အနီးကို ဗုံးကြဲတယ်။ ရခိုင်တိုင်းရင်းသားတယောက် ဒဏ်ရာရထားတယ်” လို့ DVB ကို ပြောပါတယ်။
မနေ့က ဖားကန့်မြို့မှာ လက်နက်ကြီးကျပြီး အရပ်သား ၆ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ်တချို့လည်း ထိမှန်ပျက်စီးတာတွေ ရှိခဲ့ပြီး ဖားကန့်ဗျူဟာကုန်းကနေလည်း မြို့ပြင်ဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “စစ်ကောင်စီရဲ့ တပ်စခန်း မဟုတ်ပါဘူး။ ကာကင်းလို့ယူဆရတဲ့ နေရာပါ။ ဘယ်လောက်အရေးပါလဲတော့ မသိဘူး။ မနေ့ကလည်း လေယာဥ်နဲ့ ၃ ကြိမ် လာကြဲသွားတယ်” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်တွေဟာ မာယမ်သင်္ချိုင်းကုန်းက စစ်ကောင်စီကာကင်းစခန်း၊ ဆွတ်ငိုင်ယန်ကာကင်းစခန်း၊ မဝမ်ကြီး တာဝါတိုင် ကာကင်းစခန်းတွေကို သိမ်းပိုက်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။










