DVB Logo
Home
မြန်မာသတင်း
ဦးပိန်တံတား သာယာလှရေး မထိခိုက်ရင် ဟိုတယ်ဇုန်စီမံကိန်း တည်ဆောက်ခွင့်ပြုမည်
DVB
·
May 28, 2015
ဦးပိန်တံတား သာယာလှရေး မထိခိုက်ရင် ဟိုတယ်ဇုန်စီမံကိန်း တည်ဆောက်ခွင့်ပြုမည်
Donate to DVB

သမိုင်းဝင် တောင်သမန်အင်းနားက ဟိုတယ်ဇုန်စီမံကိန်းဟာ ဦးပိန်တံတား သာယာလှပရေး ထိခိုက်မှုမရှိရင် တည်ဆောက်ဖို့ ခွင့်ပြုနိုင်တယ်လို့ မန္တလေးတိုင်း ယဉ်ကျေးမှုဝန်ကြီးက ပြောပါတယ်။

မန္တလေးမြို့ တောင်သမန်အင်းက ကမ္ဘာကျော် သမိုင်းဝင် ဦးပိန်တံတားအနီးမှာ အပန်းဖြေစခန်း ဟိုတယ်ဇုန် တည်ဆောက်မှုစီမံကိန်းကြောင့် ဒေသခံတွေ ကန့်ကွက်မှု ရှိနေပါတယ်။

မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး၊ ယဉ်ကျေးမူကို တွဲဖက်တာဝန်ယူနေတဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက ဦးပိန်တံတားကို အနှောင့်အယှက်မဖြစ်ရင် ကန့်ကွက်ဖို့ မရှိဘူးလို့ ပြောပါတယ်။

“ယဉ်ကျေးမှုအပိုင်းကို တာဝန်ယူထားရတော့ ဦးပိန်တံတား သာယာလှပရေး မထိခိုက်ရင် ကန့်ကွက်ဖို့မရှိဘူး။ ဘာလို့လဲဆို ဦးပိန်တံတားနဲ့ ပေ ၂ ထောင်ကွာတယ်။ ခွင့်ပြုတာ မပြုတာ မြို့တော်ဝန် သဘောပဲ။”

လက်ရှိမှာ တောင်သမန်အင်းအနီးက  ဟိုတယ်စီမံကိန်းကို တည်ဆောက်မယ့် တောင်သမန်သစ္စာ ကုမ္ပဏီက မန္တလေးမြို့ စည်ပင်သာယာကို တည်ဆောက်ခွင့်ပြုဖို့ တင်ပြထားပေမယ့် မြို့တော်ဝန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားခြင်းမရှိဘူးလို့ မန္တလေးမြို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးစန်းယုက ပြောပါတယ်။

“ခွင့်ပြုဖို့ဆိုရင် တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်၊ ရပ်ကွက် ထောက်ခံချက်တွေ၊ ကျန်းမာရေးစတဲ့ အချက် ၉ ချက်ပြည့်စုံမှ ခွင့်ပြုတာပါ။ အဲဒါက ရုံးကိုတော့ လာရောက်ဆက်သွယ်ခြင်း မရှိသေးပါဘူး။”

ဟိုတယ်ဇုန် တည်ဆောက်ဖို့မန္တလေး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနနဲ့ ဟိုတယ်ဇုန်ကို တောင်သမန်သစ္စာ ကုမ္ပဏီက ဆက်သွယ်ခြင်း မရှိသေးဘူးလို့ မန္တလေး ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောပါတယ်။

“ကျေးလက် အပန်းဖြေဟိုတယ်ဆောက်မယ်လို့ပဲ သိထားတယ်။ ဘယ်လိုပုံစံဆိုတာ မသိဘူး။ ဟိုတယ်ဇုန်ကိုလည်း တရားဝင်အကြောင်းကြားထားခြင်း မရှိပါဘူး။”

တောင်သမန်ကျေးလက် RESORT လို့ အမည်ပေးထားတဲ့ အပန်းဖြေဟိုတယ် စီမံကိန်းကို ဦးပိန်တံတား အရှေ့ဘက် ပေ ၁၉၀၀ အကွာ တောင်သမန်ကျေးရွာအနီးမှာ ဧက ၄၀ ပေါ်မှာ တည်ဆောက်မှာဖြစ်ပါတယ်။

စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတို့ရဲ့ လူမှုစီးပွားရေးကို ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ဒေသခံအချို့က စိုးရိမ်မူနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013