DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် တိုင်းရင်းသားမဟာမိတ်များ ထိုင်းတွင် ဆွေးနွေး
DVB
·
May 28, 2015
အစိုးရနှင့် တိုင်းရင်းသားမဟာမိတ်များ ထိုင်းတွင် ဆွေးနွေး
Donate to DVB

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းအဖွဲ့ (ယူပီဒဗလျူစီ)က ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) က ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲကို ယူပီဒဗလျူစီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဦးခင်မောင်စိုး၊ ဦးသန်းဌေးတို့ ဦးဆောင်ပြီး အမ်ပီစီ (မြန်မာငြိမ်းချမ်းရေးစင်တာ) အလုပ်အဖွဲ့ဝင်တွေနဲ့ အန်စီစီတီဘက်က အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းနဲ့ အဖွဲ့ဝင်တွေ တက်ရောက်တာ မြင်တွေ့ရတယ်လို့ ဒီဗွီဘီသတင်းထောက် ဦးရွှေအောင်က ပြောပါတယ်။

သူက “ကျနော်တို့ အကြမ်းဖျင်းသိသလောက်တော့ အလွတ်သဘောတွ့ဆုံဆွေးနွေး ကြတယ်လို့ ပြောပါတယ်။ ဆွေးနွေးပွဲအကြောင်းအရာကတော့ သူတို့ ညနေ ဆွေးနွေးပွဲပြီးမှပဲ သိရပါမယ်” လို့ ပြောပါတယ်။

ဆွေးနွေးပွဲမစတင်ခင်မှာ တာဝန်ရှိသူတချို့ကို မေးမြန်းချက်အရ ဦးအောင်မင်းရဲ့ ခရီးစဉ်ဟာ မူဘောင်ကိစ္စညှိနှိုင်းဖို့လာရောက်တာလို့ သိရပြီး ဒီဗွီဘီက အတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။

ဦးရွှေအောင်က “အန်စီအေ ပြီးမှသွားရမယ့် နိုင်ငံရေးမူဘောင် အဲဒါကို လာကြိုညှိတယ်ဆိုတာကို ကျနော်တို့တောင် အံ့သြနေတယ်။ အဲဒါကို ဆွေးနွေးပွဲပြီးမှပဲ အသေချာ မေးရတော့မယ်” လို့ ပြောပါတယ်။

မနက်ပိုင်းက အန်စီစီတီ အဖွဲ့ဝင်တွေဟာ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြပြီး ဒီဆွေးနွေးပွဲကိုတော့ ထိုင်းစံတော်ချိန် နေ့ခင်း ၂ နာရီခွဲမှာ စတင်ပါတယ်။

ဦးအောင်မင်းအပါအ၀င် ၀န်ကြီးအဆင့်လေးဦးတက်ရောက်တဲ့ ဒီဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (မူကြမ်း) ကို သမ္မတ ဦးသိန်းစိန်ရှေ့မှောက် လက်မှတ်ထိုးအပြီး နှစ်ဘက် အဆင့်မြင့်ခေါင်းဆောင်တွေ တွေ့ဆုံမှု ဖြစ်ပါတယ်။

ဒါ့အပြင် ဒီသဘောတူစာချုပ် (မူကြမ်း) နဲ့ပတ်သက်လို့ ဆုံးဖြတ်မယ်လို့ ယူဆရတဲ့ အန်စီစီတီ ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ ၄ ရက်အလိုမှာ ကျင်းပတဲ့ ဆွေးနွေးပွဲဖြစ်ပါ တယ်။

ဝန်ကြီးဦးအောင်မင်းနဲ့အဖွဲ့ဟာ မနက်ဖြန်ကျရင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အပါအ၀င် တခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဦးရွှေအောင်က “ဦးအောင်မင်းက အစည်းအဝေးခန်းထဲကို မ၀င်ခင် သတင်းထောက်တွေက ဓာတ်ပုံဝိုင်းရိုက်ပြီး မေးကြတော့ ‘လာအားပေးတာ၊ လာအားပေးတာ’ လို့ ပြောပြီး ၀င်သွားတယ်” လို့ ပြောပါတယ်။

အခုဆွေးနွေးပွဲပါ ကိုယ်စားလှယ်တွေဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (မူကြမ်း) ကို လပေါင်းများစွာအတွင်း ဆွေးနွေးပွဲပေါင်းများစွာကို ကျော်ဖြတ်ပြီး အတူတကွ ညှိနှိုင်းရေးဆွဲအတည်ပြုခဲ့ကြသလို ရက်ပိုင်းအကြာမှာတော့ အဲဒီစာချုပ်ကို လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ အစိုးရဘက်က ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ တိုက်ပွဲတွေ မရှိတော့သလောက်ဖြစ်ပေမယ့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ကြိုကြား ဆက်လက်ဖြစ်ပွား နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013