
လိုအပ်တဲ့ လုံခြုံရေးဆိုင်ရာ ကာကွယ်မှုအစီအမံတွေကို ချမှတ်ထားရှိရင်း AI ဉာဏ်ရည်တု တော်လှန်ရေးကို လက်လွတ်မခံမိစေဖို့ အရေးကြီးတယ်လို့ ဥရောပသမဂ္ဂ EU စီးပွားရေးဆိုင်ရာ ကော်မရှင်နာ ဗယ်လ်ဒစ်ဒွန်ဘရော့စကီစ်က စက်တင်ဘာ ၁၉ ရက်က ဒပ်ဘလင်မြို့မှာ ကျင်းပတဲ့ EU ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ ပြောလိုက်ပါတယ်။
AI အတွက်နဲ့ AI ကို အခြေခံတဲ့ စစ်မှန်တဲ့ ဥရောပ ဆန်းသစ်တီထွင်မှုစနစ်တခုကို တည်ဆောက်တာဟာ ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းကို အာမခံချက်ပေးနိုင်ဖို့ အလွန်အရေးကြီးပါတယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ခရစ္စတာလီနာ ဂျော်ဂျီဗာက EU ဝန်ကြီးတွေဆီ စာတမ်းတစောင် တင်ပြပြီးတဲ့နောက်မှာ ဒွန်ဘရော့စကီစ်က ပြောခဲ့တာပါ။
AI ဟာ ၅ နှစ်တာကာလအတွင်း ဥရောပရဲ့ ကုန်ထုတ်စွမ်းအားကို ၁ ရာခိုင်နှုန်းလောက် မြှင့်တင်ပေးနိုင်ပေမဲ့ မညီမျှမှုတွေကို ပိုကြီးထွားစေတာ၊ လျှပ်စစ်ဓာတ်အား ကွန်ရက်တွေကို ဝန်ပိစေတာနဲ့ နိုင်ငံခြားနည်းပညာအပေါ် မှီခိုအားထားရမှုကို တိုးပွားစေတာတို့ ဖြစ်စေနိုင်တယ်လို့ IMF စာတမ်းမှာ သတိပေးဖော်ပြထားပါတယ်။
ဖွံ့ဖြိုးပြီး ဥရောပနိုင်ငံတွေက အလုပ်သမား ၆၀ ရာခိုင်နှုန်းလောက်က AI ရဲ့ သက်ရောက်မှု အများဆုံးခံရနိုင်တဲ့ အလုပ်တွေကို လုပ်ကိုင်နေကြတယ်လို့ IMF က ခန့်မှန်းထားပါတယ်။
AI ကိရိယာတွေကနေတဆင့် ကုန်ထုတ်စွမ်းအား ပိုမိုကောင်းမွန်လာနိုင်သူတွေ ရှိသလို ပုံမှန်လုပ်ငန်းစဉ်တွေကို စက်ယန္တရားတွေက အလိုအလျောက် လုပ်လာလို့ အထူးသဖြင့် AI က လူ့လုပ်အားကို အစားထိုးတဲ့ နေရာမျိုးတွေမှာ အလုပ်အကိုင် ဆုံးရှုံးရနိုင်ခြေရှိသူတွေလည်း ရှိတယ်လို့ စာတမ်းက ဖော်ပြထားပါတယ်။
ဥရောပရဲ့ ဒေတာစင်တာတွေဟာ တိုက်ကြီးတခုလုံးရဲ့ လျှပ်စစ်ဓာတ်အား ၃ ရာခိုင်နှုန်းခန့်ကို သုံးစွဲနေပြီး AI ကိုသုံးတာ ကျယ်ပြန့်လာတာနဲ့အမျှ လိုအပ်ချက်က သိသိသာသာ မြင့်တက်လာလိမ့်မယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။
ဖရန့်ဖတ်၊ လန်ဒန်၊ အမ်စတာဒမ်၊ ပါရီနဲ့ ဒပ်ဘလင်တို့လို အဓိက နည်းပညာ အချက်အချာ ဒေသတွေက AI နဲ့ပတ်သက်ပြီး သက်ရောက်မှု အမြင်သာဆုံး ဖြစ်မယ်လို့ ဆိုပါတယ်။
ပိုကောင်းကောင်း ပြင်ဆင်ထားပြီး နည်းပညာနဲ့ ထိတွေ့ဆက်စပ်မှု ပိုများလို့ ပိုဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေးနိုင်ငံတွေက တခြားနိုင်ငံတွေထက် ပိုများတဲ့ အကျိုးကျေးဇူးများကို ရဖို့ မျှော်လင့်ထားတယ်လို့ စာတမ်းက ဖော်ပြပါတယ်။
Source: Reuters











