
စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ နဘက်ရွာကို စစ်ကောင်စီတပ်က ဧပြီ ၃ ရက်မှာ ဗုံးကြဲ တိုက်ခိုက် တာကြောင့် အရပ်သား ၃ ယောက်ထိမှန်ပြီး မိန်းကလေးငယ် ၁ ယောက် သေဆုံးတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
ညနေ ၅ နာရီမှာ တိုက်လေယာဉ်တစင်းနဲ့ ဗုံး ၂ ကြိမ်ကြဲတာမှာ မိသားစုဝင် ၃ ယောက်ကို ထိမှန် ပြီးတော့ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူ သေဆုံးတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “သားအဖ ၃ ယောက်ထိတာ၊ သမီးကတော့ ဆုံးသွားတယ်။ အဖေထိတယ်။ အမေကတော့ ဒဏ်ရာများတယ်၊ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်။ စာသင်ကျောင်းကတော့ ကျောင်းဖွင့်ချိန်မဟုတ်လို့ အထိအခိုက်တော့မရှိဘူး၊ ကျောင်းကတော့ ပျက်စီးသွားတယ်” လို့ DVB ကို ပြောပါတယ်၊
လေယာဉ်နဲ့ တကြိမ်ကို ဗုံး ၄ လုံး ကြဲချတိုက်ခိုက်သွားတာဖြစ်ပြီး စာသင်ကျောင်းနဲ့ ဘေးမှာရှိတဲ့ သစ်စက်တို့ကို ကြဲချသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲမရှိတာ ကြာပြီဗျ။ ဒါနဲ့ဆို ၃ ကြိမ်ရှိပြီ မြောင်နယ်ကိုဗုံးကြဲတာ။ အထိအခိုက် သေဆုံးသူတွေရှိခဲ့တယ်” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကလည်း နဘတ်ရွာကို ဗုံးကြဲလို့ မွေးကင်းစ ကလေး ၁ ယောက်နဲ့ သက်ကြီးရွယ်အိုတယောက် သေဆုံးခဲ့ပါသေးတယ်။










