DVB Logo
Home
မြန်မာသတင်း
လူမှောင်ခိုတင်စက်လှေသား အယောက် ၂၀ ကို ဖမ်းဆီးအရေးယူ
DVB
·
May 27, 2015
လူမှောင်ခိုတင်စက်လှေသား အယောက် ၂၀ ကို ဖမ်းဆီးအရေးယူ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီး ဖမ်းမိထားတဲ့ လူမှောင်ခိုတင်စက်လှေသား အယောက် ၂၀ ကို ဘူးသီးတောင်အကျဉ်းထောင်မှာ ချုပ်နှောင်ထားပြီး ကျွန်ရောင်းဝယ်မှုနဲ့ တရားစွဲဆို စစ်ဆေးနိုင်ဖို့ ရဲက ချုပ်ရက် ရမန်ယူထားပါတယ်။

မေ ၂၁ ရက်က ဖမ်းမိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ လောက် တင်ဆောင်မောင်းနှင်လာတဲ့ လှေသမားတွေကို မောင်တောမြို့ တရားရုံးမှာ ပုဒ်မ ၂ ခုတပ်ပြီး ချုပ်ထားတာလို့ မောင်တောမြို့၊ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

“စစ်ဆေးရဦးမယ်၊ စစ်ဆေးပြီးမှပဲ ဥပဒေတွေဘာတွေတပ်မယ်။ ဒါပေမယ့် လောလောဆယ် အကြမ်းအားဖြင့် ပုဒ်မ တခု၊ နှစ်ခုတော့ တပ်ထားတာပေါ့။ ပြစ်မှုဆိုင်ရာဥပဒေ ၃၆၇ (ကျွန်ပြုခံစေရန်လူကိုခိုးမှု) ပုဒ်မ ၃၇၁၊ (ကျွန်ရောင်းဝယ်မှု) တပ်ထားတယ်၊ ရာဇသတ်ကြီးကို စတင်ရေးခဲ့တဲ့အချိန်တုန်းက လူကုန်ကူးလို့ မရှိသေးဘူးလေ၊ ကျွန်အရောင်းအ၀ယ်လို့ ရေးထားတယ်။ အခုခေတ်တော့ လူကုန်ကူးပေါ့။”

အခု ဖမ်းချုပ်ထားတဲ့ စက်လှေသမား အယောက်၂၀ မှာ တနင်္သာရီတိုင်းက ၁၅ ယောက်နဲ့ အများစုပါဝင်ပြီး ကျန် ၅ ယောက်က ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်က ဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရသတင်းအရ အဲ့ဒီစက်လှေပိုင်ရှင်ဟာ ထိုင်းနိုင်ငံ၊ ရနောင်းမှာနေတဲ့ ထိုင်းလူမျိုး တယောက် ပိုင်တာဖြစ်ပြီး ရိက္ခာပို့စက်လှေကတော့ မြိတ်မြို့က ကိုခိုင်ဆိုသူ ပိုင်တာလို့ သိရပါတယ်။

လူမှောင်ခိုကူးခံရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအယောက် ၂၀၀ ကတော့ လတ်တလော မြန်မာပြည်ဘက်ခြမ်း တောင်ပြိုမှာရှိနေပြီး ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်က နိုင်ငံသား စိစစ်နေ တယ်လို့ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့နိုင်ငံသား မဟုတ်ဘူးလို့ ငြင်းဆိုပြီး ပြန်လက်မခံရင် ဘယ်လို လုပ်မလဲလို့မေးမြန်းရာမှာ “ဒါက နိုင်ငံတကာဥပဒေအတိုင်းသွားမှာပါ။ ကုလသမဂ္ဂအထူးသံ နမ်ဘီးယားရှေ့မှာတင် သူတို့ကိုယ်သူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလို့ သူတို့ကိုယ်နှိုက် ဖွင့်ဟ ၀န်ခံပြီးပြီ။ နောက်တခုက ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် သွားမေးတော့လဲ သူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလို့ သူတို့ ပြောပြီးပြီ။ သူတို့ လိပ်စာတွေလည်း ပေးပြီးပြီ” လို့ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စက်လှေသားအယောက် ၂၀ ကို လူမှောင်ခိုကူးတဲ့ ပုဒ်မနဲ့ ဖမ်းဆီး ချုပ်နှောင်ထားတာကလွဲပြီး ခုချိန်ထိ တခြား ဆက်စပ် ဖမ်းဆီးထားသူတွေ မရှိသေးဘူးလို့လည်း ပြည်နယ်အစိုးရ အတွင်းရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။

လွန်ခဲ့တဲ့ မေလ ၁၇ ရက်ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဥဒေါင်း အနောက်ရွာအနီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ယောက် ရေမျောကမ်းတင် ရောက်ရှိလာလို့ မြန်မာဘက်ခြမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စက်လှေနဲ့ ပြန်ပို့ပေးခဲ့ရပါသေးတယ်။

ကပ္ပလီပင်လယ်ပြင်အတွင်း လှေစီးဒုက္ခသည်တွေ ထောင်နဲ့ချီ သောင်တင်နေကြတယ်ဆိုတဲ့ ဒေသတွင်းသတင်းတွေ ထွက်ပေါ်နေပြီနောက် မြန်မာ့ပင်လယ်ပြင်မှာ အခုလို လူမှောင်ခိုလှေ တစီး ပထမဆုံး ဖမ်းမိတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013