
ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာဂြိုဟ်က ပိုပူနွေးလာတာနဲ့အမျှ အလွန်အမင်းပူတဲ့အချိန်တွေ ပိုအဖြစ်များလာပြီး ပိုပြင်းထန် ပိုကြာရှည်လာတယ်လို့ ကုလသမဂ္ဂ ရာသီဥတုအေဂျင်စီက သြဂုတ် ၁၁ ရက်မှာ ပြောပါတယ်။
၁၉၇၆ ခုနှစ်က ဥရောပနွေရာသီကစပြီး အပြောင်းအလဲတွေကို ထောက်ပြခဲ့ပါတယ်။
ဥရောပ အစိတ်အပိုင်းတချို့ဟာ မိုးခေါင်မှု၊ တောမီးလောင်ကျွမ်းမှု၊ စံချိန်တင်အပူချိန်တွေနဲ့အတူ နွေရာသီရဲ့ ပဉ္စမမြောက် အပူလှိုင်းကို ခံစားနေရတာပါ။
အလွန်အမင်း ပူပြင်းမှုဟာ အရင်ကထက် ပိုပြီးအဖြစ်များလာသလို ပိုပြင်းထန်လာတယ်၊ ပိုကြာလာပြီး ပိုကျယ်ပြန့်တဲ့ နေရာတွေကို လွှမ်းခြုံထားတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ရဲ့ ရာသီဥတု သတင်းအချက်အလက်ဌာန အကြီးအကဲ ဂျွန်ကနေဒီက ဂျီနီဗာမြို့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။
ကမ္ဘာပေါ်မှာ အမြန်ဆုံး ပူနွေးလာတဲ့ ဥရောပမှာ လက်ရှိအပူပေးမှုပုံစံက မြောက်ဘက်ခြမ်းမှာရှိတဲ့ စဉ်ဆက်မပြတ် ဖိအားမြင့်နေတဲ့စနစ်တွေနဲ့ နွေးတဲ့ရာသီဥတုတို့အကြား အပြန်အလှန် အကျိုးသက်ရောက်မှုကို ထင်ဟပ်စေတယ်လို့ ကနေဒီက ပြောပါတယ်။
ဖိအားမြင့်တဲ့ စနစ်တွေက နွေးထွေးတဲ့လေကို ဖမ်းယူထားပြီး မိုးတိမ်ဖုံးလွှမ်းမှုကို လျှော့ချပေးပါတယ်။
ဒါကြောင့် အေးမြတဲ့လေထု ဝင်ရောက်တာကို ပိတ်ဆို့ထားပြီး ကြီးမားတဲ့ဒေသတွေ တလွှားမှာ အပူကို ရက်တွေ သီတင်းပတ်တွေ အများကြီး ဆက်ရှိနေစေပါတယ်။
၁၉၇၆ ခုနှစ် ဇွန်လမှာ အခုနှစ်တွေ့ရတဲ့ အလားတူပုံစံ ရှိတယ်လို့ ကနေဒီက မှတ်ချက်ပြုခဲ့ပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရလဒ်တွေက အလွန်ကွာခြားတယ်လို့ သူက ဆက်ပြောပါတယ်။
အလွန်ပူနွေးတဲ့ ပင်လယ်ရေပြင်တွေနဲ့ ခြောက်သွေ့တဲ့ မြေဆီလွှာတွေက ဥရောပတဝန်းက အပူချိန်တွေကို တိုးမြှင့်ပေးနေတယ်လို့ ကနေဒီက ပြောပါတယ်။
မြေထဲပင်လယ်နဲ့ ဥရောပအနောက်ပိုင်း ရေပြင်တွေက ရေပူလှိုင်းတွေဟာ မြင့်မားတဲ့ ဖိအားစနစ်တွေအတွက် နောက်ခံအပူဓာတ်ကို ပံ့ပိုးပေးခြင်းအားဖြင့် ကုန်းမြေပေါ်မှာ ပိုပူတဲ့ အခြေအနေတွေကို လောင်စာဖြည့်တင်းပေးနေတယ်လို့ ကနေဒီက ထပ်ပြောခဲ့ပါတယ်။
Source: Reuters











