DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးချုပ်များကို သက်ဆိုင်ရာလွှတ်တော်များက တင်မြှောက်ရန် တောင်းဆို
DVB
·
May 26, 2015
ဝန်ကြီးချုပ်များကို သက်ဆိုင်ရာလွှတ်တော်များက တင်မြှောက်ရန် တောင်းဆို
1 / 2
Donate to DVB

တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက ရွေးချယ်နေတာကို ရပ်တန့်ပြီး သက်ဆိုင်ရာ လွှတ်တော်တွေကသာ ရွေးချယ်တင်မြှောက်နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မကို ပြင်ဆင်ပေးဖို့ ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း တိုင်းရင်းသား မဟာမိတ်အဖွဲ့က တောင်းဆိုပါတယ်။

[caption id="attachment_94640" align="alignright" width="462"]11350503_385880664949422_8666211939097220182_n ဓာတ်ပုံ - NBF[/caption]

ဒီတောင်းဆိုချက်ကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အကောင်အထည်ဖော်ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲကို အောက်တို ဘာလကုန်ပိုင်းမှာ ကျင်းပပေးမယ်လို့ ပြောဆိုထားတာကြောင့် အချိန် ၅ လ ကျော်ကာလအတွင်း ပြင်ဆင်ပေးဖို့ တောင်းဆိုချက်ဖြစ်ပါတယ်။

တိုင်းရင်းသားပါတီကိုယ်စားလှယ်တွေဟာ ကရင်ပြည်နယ် ဖားအံမြို့နဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့တွေမှာ နှစ်နေရာခွဲ ဆွေးနွေးခဲ့ကြအပြီး မေ ၂၅ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုကြတာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးအပ်ရာမှာ သမတက နှစ်သက်တဲ့ကိုယ်စားလှယ်ကို ရွေးကောက်ပြီး လွှတ်တော်ထံက အတည်ပြုချက်ရယူဖို့ဖြစ်ပါတယ်။ သက်ဆိုင်ရာလွှတ်တော်တွေက သမ္မတ တင်သွင်းတဲ့ ၀န်ကြီးချုပ်အမည်စာရင်းကို ကန့်ကွက်လိုရင် လုံလောက်တဲ့ အကြောင်းပြချက် ပေးပြီး ကန့်ကွက်နိုင်တဲ့အခွင့်အရေးသာ ရှိပါတယ်။ ကန့်ကွက်တဲ့အခါမှာ သမ္မတက ထပ်မံ အမည်စာရင်းတင်သွင်းမှာဖြစ်ပါတယ်။

အခုတောင်းဆိုချက်ကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ရွေးချယ်ရာမှာ သမ္မတကို ရွေးကောက်ခွင့်မပြုတော့ဘဲ သက်ဆိုင်ရာ ဒေသအသီးသီးက မိမိတို့ဘာသာ ရွေးကောက်တင်မြှောက်တဲ့စနစ်နဲ့ အစားထိုးဖို့ တောင်းဆိုတာဖြစ်ပါတယ်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်စရာတွေ အများအပြားရှိပေမယ့် တိုင်းရင်းသားတွေအတွက် အဓိကကျလိုအပ်တဲ့ ပုဒ်မ ၂၆၁ ကို ရှေ့တန်းတင် တောင်းဆိုတာဖြစ်တယ်လို့ ပြောပါတယ်။

“ကျန်တာတွေ မပြင်နိုင်ရင် ထားဦး၊ ရွေးကောက်ပွဲမတိုင်ခင်မှာ ပုဒ်မ ၂၆၁ ပေါ့နော် အဲဒါကိုပြင်ဖို့။ အဓိက ကျနော်တို့ တိုင်းရင်းသားပြည်နယ်တွေမှာ ကျနော်တို့ရဲ့ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်မှာ ကျနော်တို့ အမျိုးသားတွေ ရွေးထားတဲ့ အမျိုးသားကိုယ်စားလှယ်မျိုး ဖြစ်စေချင်တာပေါ့ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ တချို့ပြည်နယ်တွေမှာ လက်ရှိ အနေအထား အရ မဆီမဆိုင်ပုဂ္ဂိုလ်တွေက သမ္မတရဲ့ ဆွဲခန့်အနေနဲ့ ကျနော်တို့ဆီကို ရောက်လာတယ်။ ရောက်လာတော့ လုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါမှာ အဆင်ပြေမှု မရှိဘူး။ အဓိကအားဖြင့် တခြားနေရာက ရောက်လာတဲ့ ၀န်ကြီးချုပ်တွေဟာ သူတို့က ဧည့်သည်တွေပဲလေ။ ကျနော်တို့ အတွက်တော့။ ဧည့်သည့်ဆိုတာ အိမ်ရှင်လောက်တော့ ဘယ်အလုပ်လုပ်နို်င်မလဲဗျာ။ ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင်မှာ အနည်းဆုံးအားဖြင့် ဒီပုဒ်မကို ပြင်ဆင်ချင်တယ်ပေါ့လေ။ ဒါမှ ကျနော်တို့ ဒေသရဲ့ အခြေအနေတခုက အပြောင်းအလဲတခုကို ရောက်နိုင်မယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

ကြေညာချက်ထဲမှာ တခြားထူးခြားချက်အဖြစ် တိုင်းရင်းသားလူမျိုးတွေကို ကိုယ်စားမပြုတဲ့အပြင် တိုင်းရင်းသားအရေး စိတ်ပါဝင်စားဆောင်ရွက်ပေးမှု မရှိတဲ့ပါတီများက ပြည်ထောင်စုကို ကိုယ်စားပြုသည်ဟု ပြောဆိုစည်းရုံးမှုတွေကို ရှုတ်ချထားပါတယ်။

ဒီအသုံးအနှုန်းနဲ့ပတ်သက်လို့ သူက “တချို့နိုင်ငံရေးပါတီခေါင်းဆောင်တွေပေါ့ဗျာ။ သူတို့က သူတို့ပါတီထဲမှာ တိုင်းရင်းသားတွေလည်း ဟုတ်တိပတ်တိ နေရာမပေးဘဲနဲ့ တိုင်းရင်းသားတွေ အမည်နာမကို ရေလဲသုံးနေတဲ့ကိစ္စကို ကျနော်တို့က ဒါကတော့ အကြီးအကျယ်ဆွေးနွေးပြီးမှ ဒီစကားလုံးကို အများသဘောတူညီမှုအရ ရှုတ်ချဆိုတဲ့ စကားလုံးသုံးရတာပါ” လို့ ပြောပါတယ်။ ရည်ရွယ်ရှုတ်ချတဲ့ပါတီရဲ့ အမည်ကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။

လက်မှတ်ရေးထိုးတောင်းဆိုတဲ့ ညီနောင်တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၀ ပါတီကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ ကယားလူမျိုးစုဒီမို ကရေစီပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုး တိုးတက်ရေးပါတီတွေဖြစ်ပြီး တိုင်းရင်းသားပါတီ ၁၂ ပါတီက လေ့လာသူအဖြစ် တက်ရောက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013