
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ကနေ နန်းမယ်ခုံ-ဒီးမော့ဆိုဘက်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်း ထိုးနေတဲ့အတွက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေကာ နှစ်ဖက် အထိအခိုက် ကျဆုံးတာတွေ ရှိနေပါတယ်။
ဇွန် ၂၈ ရက်က မိုးဗြဲနဲ့ နန်းမယ်ခုံကြားမှာရှိတဲ့ စစ်တပ်အထိုင်စခန်းတခုကို တော်လှန်ရေး တပ်ပေါင်းစုက တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က အထိအခိုက် များပြားခဲ့ပြီး ကရင်နီတပ်မတော် (KA) ရဲဘော်တယောက်လည်း ကျဆုံးခဲ့ပါတယ်။
ဒါကြောင့် လက်ရှိ ဒေသခံပြည်သူတွေ ဘေးကင်းဖို့အတွက် နန်းမယ်ခုံ-လွယ်ယင်းတောင်ခြေ၊ လွယ်ဝိုင်းနဲ့ ခေါင်းစံလမ်းဘက်ကို ဝင်ရောက်သွားလာတာတွေ မလုပ်ဖို့ မိုးဗြဲ PDF က သတိပေး ထုတ်ပြန်ထားပါတယ်။
မလိုအပ်ဘဲ ညဘက်ခရီးသွားလာတာတွေနဲ့ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေမှာ စုဝေးနေထိုင်တာတွေကို ရှောင်ဖို့နဲ့ စစ်တပ်ရဲ့ လက်နက်ကြီး ဒရုန်းနဲ့ လေကြောင်းအန္တရာယ်တွေကို သတိပြုကြဖို့ကိုလည်း ဆက်တိုက်တွန်းထားပါတယ်။
မိုးဗြဲ PDF တပ်ဖွဲ့ဝင်တယောက်က “စစ်ကြောင်းထိုးပြီး ခြေကုပ်ယူထားတဲ့ ကျနော်တို့ ကင်းရှေ့မှာ ပြန်ချေမှုန်းလိုက်တော့ အရှင်တကောင်မိပြီး ရုပ်အလောင်းတလောင်း တွေ့ရတယ်။ လက်နက် တချို့လည်း ရခဲ့ပါတယ်။ လက်ရှိအခြေအနေကတော့ စစ်တပ်ဘက်ကနေ ကင်းထောက် ဒရုန်းတွေ ထောက် လက်နက်ကြီးတွေ ဆက်တိုက်လုပ်လာတယ်။ လာကြဲသွားတာတွေ အများကြီး လုပ်လာ နေတယ်။ အင်အားဖြည့်နေတာလည်း တွေ့နေရတယ်” လို့ ပြောပါတယ်။
မြေပြင်စစ်ကြောင်းမှာ ထိခိုက်ကျဆုံးများနေတဲ့ စစ်တပ်က နန်းမယ်ခုံ-ဒီးမော့ဆိုနားတဝိုက်က အရပ်သားတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေသလို အသေခံဒရုန်းတွေကြောင့် စစ်ရှောင်စခန်းတွေမှာ ထိခိုက်မှုတွေ ရှိနေပါတယ်။
ဇွန် ၂၄ ရက်က နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးလာကြဲလို့ ကလေး ၂ ယောက် သေဆုံးကာ လူကြီးတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
ဇွန် ၂၉ ရက်မှာလည်း နန်းမယ်ခုံကိုပဲ လေကြောင်းကနေ ထပ်ဗုံးကြဲခဲ့ပြီး ဒီးမော့ဆို အနောက်ခြမ်းကို တော့ လက်နက်ကြီးနဲ့လှမ်းပစ်လို့ အရပ်သားနေအိမ်တွေ ထိခိုက် ပျက်စီးခဲ့ပါသေးတယ်။
ဒီးမော့ဆိုဒေသခံတွေ ပြောပြချက်အရ နေ့တိုင်းလိုလို လေကြောင်းရန်ရှိနေပေမဲ့ အခုနောက်ပိုင်း ကာမီကာဇေလို့ခေါ်တဲ့ အသေခံဒရုန်းတွေကို ပိုသတိထားနေရတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆို ဒေသခံတယောက်က “စိတ်မချရဘူး၊ အခုက ဟိုဘက်ကို နန်းမယ်ခုံကို သွားကြဲတာက လေကြောင်းနဲ့ကြဲတာ၊ အစ်မတို့ဘက်မှာ လာကြဲတာက အသေခံဒရုန်း ကာမီကာဇေလား ဘာဖြစ်လို့လဲဆိုရင် လေယာဉ်သွားတဲ့ဟာဆိုရင် အစ်မတို့ကြားတယ်။ လေယာဉ်အသံ ကြားတယ်ပေါ့၊ ပြီးရင် လေယာဉ်ထိုးဆင်းတယ်ဆိုရင် ထိုးဆင်းတဲ့ဟာမျိုး ကြားတယ်ကွယ်။ အခုက အစ်မတို့ဆီမှာ လာကြဲသွားတဲ့နေ့ကဆိုရင် ဘာအသံမှ မကြားရဘဲနဲ့ ကျပြီးမှ ကွဲပြီဆိုတော့မှ အစ်မတို့ သိရတာ။ ဒါဆိုတော့ အစ်မတို့ တွေးလိုက်တာ ဘေးအိမ်က ဦးလေးတွေလည်း တွေးလိုက်တာက ဒါဆို သူတို့ အသေခံဒရုန်းနဲ့ ချလို့ပေါ့နော်။ လေယာဉ်နဲ့ဆို မြင်ရမှာလေ၊ အသံတွေ ဘာတွေ ကြားရမှာပေါ့” လို့ ပြောပါတယ်။
မိုးဗြဲ-နန်းမယ်ခုံ လမ်းပိုင်းဟာ ကရင်နီပြည်မြောက်ပိုင်းနဲ့ ရှမ်းပြည်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ ကုန်စည်စီးဆင်းမှုနဲ့ စစ်ရှောင်ကူညီရေး လမ်းကြောင်းတခု ဖြစ်သလို စစ်ရေးအရလည်း အရေးပါနေတဲ့ လမ်းကြောင်းပါ။
လက်ရှိ ထိုးစစ်တွေနဲ့ လမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှု အန္တရာယ်တွေ ပိုမြင့်လာနိုင်ကြောင်း မြေပြင် အရပ်ဘက် ကူညီရေးအဖွဲ့တွေက ထောက်ပြထားကြပါတယ်။
မောရစ်











