DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲအတွက် ရခိုင်အမျိုးသားပါတီတွင်း အမတ်လောင်းများ ရွေးချယ်
DVB
·
May 25, 2015
၂၀၁၅ ရွေးကောက်ပွဲအတွက် ရခိုင်အမျိုးသားပါတီတွင်း အမတ်လောင်းများ ရွေးချယ်
Donate to DVB

လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ဖို့ ရခိုင်အမျိုးသားပါတီအနေနဲ့ ပါတီတွင်း ရွေးကောက်ပွဲ တွေ အရင်ကျင်းပနေပါတယ်။

ရခိုင်လူမျိုးတွေကြား မိမိအမျိုးသားရေးအတွက် လုပ်ကိုင်ဆောင်ရွက်ပေးလိုသူတွေ ပိုမိုများပြား လာပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားသူတွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ လိုအပ်တဲ့ ပြိုင်ပွဲဝင် ကိုယ်စားလှယ်အရေအတွက် ပိုများနေတဲ့အတွက် ဒီမိုကရေစီနည်းကျ ပါတီတွင်းရွေးကောက်ပွဲ စတင်ကျင်းပခဲ့တယ်လို့ ပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၁၀ တုန်းက လွှတ်တော်ကိုယ်စားလှယ် လုပ်မယ့်လူက သိပ်မရှိဘူး။ အဲဒီတော့ တတ်သိပညာရှင်တွေဖိတ်ပြီး ၀ိုင်းရွေးကြတယ်။ ဒီ ၂၀၁၅ မှာကျတော့ ပါတီပေါင်းစည်း လိုက်တဲ့အတွက် လုပ်ချင်ကိုင်ချင်တဲ့ လူတွေများလာတယ်။ လျှောက်ထားသူတွေက ၁၀၀ ကျော်တယ်။ အရွေးခံရမှာက ၆၃ နေရာပဲ။ အဲဒီတော့ ဒီမိုကရေစီနည်းကျ ရပ်ကျေးအဆင့်၊ မြို့နယ်အဆင့် ပြည်နယ်အဆင့်အလိုက် လျှို့ဝှက်မဲပေးတဲ့စနစ်နဲ့ ရွေးတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကာလမှာ ကျနော်တို့ပါတီအနေနဲ့လည်း ပါတီတွင်းမှာ ဒီမိုကရေစီစနစ် စပြီးကျင့်သုံးခြင်းအားဖြင့် ဒီမိုကရေစီဖြစ်ထွန်းရေးကို အခြေပြုလိုက်တာ ဖြစ်ပါတယ်။”

လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုကို မေလ ၂၄ ရက် မနေ့က ရသေ့တောင်မြို့နယ်မှာ ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဒေါ်ခင်စောဝေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအဖြစ် ဦးသန်းနိုင်နဲ့ ဦးဖိုးမင်းတို့ ရွေးချယ်ခံခဲ့ရပါတယ်။

ဆက်လက်ပြီး ရခိုင်ပြည်တွင်းရှိ မြို့နယ်အားလုံးနဲ့ ဧရာဝတီတိုင်းမှာရော၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာပါ လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာတွေအားလုံးမှာ ရွေးချယ် သွားမှာဖြစ်ကာ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ အပြီးရွေးချယ်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားသူတွေအနေနဲ့ လျှောက်လွှာကြေး ကျပ် ၃ သောင်း၊ ညီလာခံလုပ်ဖို့ စပေါ်ကြေး ကျပ် ၅ သိန်း ပေးသွင်းရမှာဖြစ်ပြီး ရွေးချယ်ခံရရင်တော့ မဲဆွယ်စည်းရုံးရေးအတွက် ကျပ်သန်း ၂၀ ပေးသွင်းဖို့ သတ်မှတ်ထားတယ်လို့ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ နဲ့ ၁၉၉၀ ရွေးကောက်ပွဲဝင် ရခိုင်ဒီမိုကရေစီပါတီ ၂ ခုကို ရခိုင်ပြည်သူတွေရဲ့ ဆန္ဒအရ တပါတီ တည်း အဖြစ် ပေါင်းစည်းခဲ့တဲ့ ပါတီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013