DVB Logo
Home
မြန်မာသတင်း
အမ်းမြို့ကို စစ်တပ်က ဗုံးကြဲ၊ ပေါက်တောကို လက်နက်ကြီးဖြင့်ပစ်၊ စစ်တွေအနီး စစ်ရေးတင်းမာ
DVB
·
May 27, 2026
အမ်းမြို့ကို  တိုက်လေယာဉ်နဲ့ ဆက်တိုက် ဗုံးကြဲ (Photo: APM)
အမ်းမြို့ကို  တိုက်လေယာဉ်နဲ့ ဆက်တိုက် ဗုံးကြဲ (Photo: APM)
Donate to DVB

ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိတဲ့ အမ်းမြို့ကို စစ်အာဏာရှင်တပ်က Y-12 လေယာဉ်နဲ့ ကင်းထောက်ပြီးနောက် ဂျက်တိုက်လေယာဉ်နဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

အမ်းမြို့ကို မေ ဒုတိယပတ်က Y-12 ၃ စင်းနဲ့ ပျံဝဲကင်းထောက်ခဲ့ပြီးနောက် မနေ့ မေ ၂၆ ရက်မှာ ဂျက်တိုက် လေယာဉ် ၆ စင်း၊ Y12 တစင်းနဲ့ ၃ နာရီလောက်ကြာအောင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အမ်းမြို့ခံ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။

“မနေ့ညနေ ၄ နာရီကတည်းက ဗုံးတွေဆက်တိုက်ကြဲတာ။ ကျမတို့က မြို့ကနေ စစ်ရှောင်နေတယ် ဆိုပေမဲ့ မြို့ထဲမှာမနေပေမဲ့ ကြားရတယ်။ ရပ်လိုက် ကြဲလိုက်နဲ့ ဘယ်ရပ်ကွက်ကိုကျလဲ ကျမအနေနဲ့ ဖုန်းလိုင်းမရလို့ မသိရဘူး။”

အမ်းမြို့ပေါ်ကို ဗုံးကြဲခဲ့တာကြောင့် ရပ်ကွက်တချို့ ပျက်စီးထိခိုက်မှု၊ မီးလောင်မှုတွေ ရှိနေပြီးတော့ လူအထိအခိုက်နဲ့ ဆုံးရှုံးပျက်စီးမှု အရေအတွက်ကို မသိရသေးဘူးလို့ နောက်ထပ် အမ်းဒေသခံက ပြောပါတယ်။

“ဗုံးကြဲတာနဲ့ အနီးအနားကလူတွေ ပြေးတော့ ဘယ်ရပ်ကွက်မှာ ဘယ်နှအိမ်ပျက်စီးလဲ မသိရ သေးဘူး။ မြို့ဟောင်းရပ်ကွက်နဲ့ နပခ အနီးတဝိုက် ကျတယ်။ အမြင်အနေနဲ့ ခန့်မှန်းလို့ရတယ် ကြားရတယ်။”

ဗုံးကြဲခဲ့တာကြောင့် အမ်းဒေသခံတချို့ ထပ်မံစစ်ရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသက စစ်‌သုံ့ပန်းတွေထားရှိရာ အကျဉ်းစခန်းကို စစ်တပ်က ဗုံးကြဲခဲ့တဲ့အတွက် စစ်သုံ့ပန်း အယောက် ၁၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု များပြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာလည်း မြေငူကျွန်းက ကျေးရွာတချို့ကို စစ်အာဏာရှင်တပ်ရဲ့ ရေတပ်သင်္ဘောတွေက အခုရက်ပိုင်းအတွင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေသလို စစ်တွေမြို့နယ်မှာလည်း စစ်ရေးတင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပေါက်တောမြို့နယ်က မြေငူကျွန်းရှိ သဲခုံ၊ ယာတိုက်နဲ့ ဂြင်းချောင်းကျေးရွာ ပတ်ဝန်းကျင်တို့ကို ရေတပ်သင်္ဘောတွေက အခုရက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ကျေးရွာတွေကိုလည်း အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ရေတပ်က ဒီရက်ပိုင်း ပေါက်တောဘက်ကို လက်နက်ကြီးတွေပစ်တာ၊ နောက် ပုဏ္ဏားကျွန်းနဲ့ အစပ်က တပ်စခန်းတွေမှာ အင်အားဖြည့်တင်းတာတွေ လုပ်နေတာရှိတယ်။ အထူးသဖြင့် လက်ရှိ တိုက်ပွဲ ငြိမ်နေချိန်မှာ စကမက ရန်လိုတဲ့ အပြုအမှုတွေ ဆက်တိုက်လုပ်နေတာ။ စစ်တွေအနီး ပင်လယ်ပြင် ကမ်းနီးငါးဖမ်းခွင့်တွေကိုပါ ပိတ်ပြီးတော့ ရေတပ်ကင်းလှည့်မှုတွေ တင်းတင်း ကျပ်ကျပ် လုပ်နေတာ ရှိတယ်။ တိုက်ပွဲမရှိပေမဲ့ ပုဏ္ဏားကျွန်းနဲ့ စစ်တွေအစပ်တွေမှာတော့ စစ်ရေး တင်းမာနေကြတယ်လို့ ပြောလို့ရတယ်။”

စစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့နယ် အစပ်မှာရှိတဲ့ အမြင့်ကျွန်း၊ တောကန်နဲ့ ရာတန်ကျေးရွာ အနီးက တပ်စခန်းတွေမှာ လူအင်အားဖြည့်တင်းနေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်ဒေသမှာ စစ်အာဏာရှင်တပ်နဲ့ AA တို့ တပ်ဆိုင်ထားကြတာဖြစ်ပြီး မကြာခဏဆိုသလို လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိကြပေမဲ့ မေလအတွင်းမှာ ပစ်ခတ်မှုတွေ ငြိမ်သက်နေကြတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါပေမဲ့လည်း စစ်အာဏာရှင်တပ်ဟာ မေ ၁၄ ရက်က ပုဏ္ဏားကျွန်းမြို့ပေါ် နေရာတချို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်တပ်ဟာ စစ်တွေမြို့ပေါ် နေရာတွေမှာလည်း ဧည့်စာရင်းအကြောင်းပြု ရခိုင်စစ်ဘေးရှောင်တွေနဲ့ မွတ်စလင် IDP စခန်းတွေက အရပ်သားတွေကို ဆက်တိုက် ဖမ်းဆီးနေတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ စစ်တွေမြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အဲဒီမြို့နယ်တွေကတဆင့် စစ်တွေမြို့ကို စစ်ရေး ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013