
အမေရိကန်က တိုက်ခိုက်မှုအသစ်တွေ လုပ်မယ်ဆိုရင် ရှည်လျားပြီး နာကျင်စေတဲ့ တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်မယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ စီနီယာအရာရှိတယောက်က ခြိမ်းခြောက် ပြောပါတယ်။
လေကြောင်းအဖွဲ့တပ်မှူး မာဂျစ်က“အမေရိကန်တပ်တွေ အခြေစိုက်တဲ့ နေရာတွေမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျနော်တို့ သိပါတယ်။ အဲဒီလိုပဲ အမေရိကန်စစ်သင်္ဘောတွေမှာ တူညီတဲ့အဖြစ်အပျက်တွေ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ”လို့ ပြောခဲ့တယ်လို့ အီရန်မီဒီယာတွေက ဖော်ပြပါတယ်။
အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ မို့ချ်တာဘာ ခါမေနီက နိုင်ငံရဲ့ ရေပိုင်နက်ကို လွှမ်းမိုးထားတဲ့ ရန်သူတွေကို ဖယ်ရှားမယ်လို့ အီရန်ပြည်သူတွေကို မက်ဆေ့ချ်ရေးသားပြီး အသိပေးခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်ခဲ့တာ ၂ လရှိပြီဖြစ်ပြီး အရေးပါတဲ့ ရေလမ်းကြောင်းတွေတော့ ပိတ်ထားရပါတယ်။ ဒါဟာ ကမ္ဘာ့ရေနံနဲ့ ဓာတ်ငွေ့စီးဆင်းမှု ၂၀ ရာခိုင်နှုန်း ပိတ်ဆို့နေတာ ဖြစ်ပါတယ်။
ရေလမ်းကြောင်းပိတ်ဆို့မှုတွေနဲ့အတူ စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေပြီး စီးပွားရေးအခက်အခဲ ဖြစ်မှုတွေအတွက် စိုးရိမ်မှုတွေ မြင့်တက်လာပြီး အီရန်အရေးဟာ ဖြေရှင်းဖို့ ခက်ခဲနေပြီး အခြေအနေတွေလည်း ရှုပ်ထွေးနေပါတယ်။
ဧပြီ ၈ ရက်ကတည်းက အပစ်ရပ်ခဲ့ပေမဲ့ အမေရိကန်က အီရန်ရဲ့ ရေနံတင်ပို့တဲ့နေရာတွေ အားလုံးကို ပိတ်ဆို့ထားတာကြောင့် ဟော်မုဇ်ရေလက်ကြားကိုလည်း အီရန်က ပြန်ပိတ်ထားခဲ့တာပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အီရန်မှာ ရေလမ်းကြောင်း ပိတ်ထားမှုတွေ နှစ်လယ်ပိုင်းအထိ ဖြစ်ပေါ်နေပါက ကမ္ဘာ့စီးပွားရေး ကျဆင်းမယ်လို့ သတိပေးထားပါတယ်။
ကုန်ဈေးနှုန်းတက်တာကြောင့် လူ ၁၀ သန်းကျော် ဆင်းရဲမှုနဲ့ ငတ်မွတ်မှုတွေ ခံစားရအောင် တွန်းပို့နေတာဖြစ်တယ်လို့ ဂူတာရက်စ်က သတိပေးထားပါတယ်။
အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် မို့ဂျ်တာဘာ ခါမေနီက ဧပြီ ၃၀ ရက်မှာ ရေးသားထုတ်ပြန်ခဲ့တဲ့ သဝဏ်လွှာထဲမှာ အမေရိကန်၊ အစ္စရေးတို့နဲ့ အီရန်အကြား ဖေဖော်ဝါရီ ၂၈ ရက် စစ်ပွဲ ဖြစ်ပွားပြီးကတည်းက ပါရှန်းပင်လယ်ကွေ့နဲ့ ဟော်မုဇ်ရေလက်ကြားအတွက် အခန်းကဏ္ဍသစ်တခု စတင်နေပြီလို့ ပြောကြားခဲ့ပါတယ်။
တီဟီရန်အစိုးရအနေနဲ့ ပင်လယ်ကွေ့ဒေသကို လုံခြုံအောင်လုပ်မှာဖြစ်ပြီး ရေကြောင်းလမ်းအပေါ် ရန်သူတွေရဲ့ အနိုင်ကျင့် စော်ကားမှုတွေကို အဆုံးသတ် ဖယ်ရှားသွားမယ်လို့လည်း ခါမေနီက ဆိုပါတယ်။
ဟော်မုဇ်ရေလက်ကြားကို စီမံခန့်ခွဲမှုအသစ်နဲ့ လုပ်ဆောင်တာဟာ ပင်လယ်ကွေ့နိုင်ငံ အားလုံးအတွက် တည်ငြိမ်မှု၊ တိုးတက်မှုနဲ့ စီးပွားရေးအကျိုးအမြတ်တွေ ဆောင်ကြဉ်းပေးလိမ့်မယ်လို့ အဓိပတိ ခါမေနီက ပြောပါတယ်။
နိုင်ငံပိုင် ရုပ်သံလိုင်းကနေ ဖတ်ကြားတဲ့ ထုတ်ပြန်ချက်ထဲမှာတော့ “ဒီဒေသနဲ့ ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးကွာတဲ့ နေရာကနေ လောဘဇောနဲ့ လာရောက်စွက်ဖက် နှောင့်ယှက်နေတဲ့ နိုင်ငံခြားအင်အားစုတွေဟာ ရေပြင်အောက်ခြေကလွဲလို့ တခြားဘယ်နေရာမှာမှ နေရာမရှိစေရဘူး” လို့ ခါမေနီက ပြောဆိုခဲ့ကြောင်း သတင်းကြေညာသူက ကိုးကားဖော်ပြ ပါတယ်။
အမေရိကန်-အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ရာကနေ စတင်ခဲ့တဲ့ စစ်ပွဲဟာ အချိန် ၂ လထဲကို ရောက်လာပြီး ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရောင်းလိုအားရဲ့ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းရာ အရေးပါတဲ့ ပင်လယ်ရေလမ်းကြောင်းက အခုထိ ပိတ်ထားဆဲဖြစ်တာကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ ထိုးတက်ကုန်ပြီး စီးပွားရေးကျဆင်းမှု အန္တရာယ်အပေါ် စိုးရိမ်မှုတွေလည်း ပိုများလာပါတယ်။
အီရန်နိုင်ငံကလည်း သူတို့ ခြိမ်းခြောက်ခံနေရသရွေ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာမှုတွေ ဆက်ပြီး ပိတ်ဆို့နှောင့်ယှက်သွားမယ်လို့ ကတိပြုထားတာကြောင့် လူပေါင်းထောင်ချီ သေဆုံးနေရတဲ့ ဒီစစ်ပွဲဟာ အရှေ့အလယ်ပိုင်းရဲ့ ရေနံတင်ပို့မှုတွေ ပိုပြီး ထိခိုက်စေနိုင်ပါတယ်။
ရိုက်တာက မြင်တွေ့ခဲ့ရတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေးနန်းစာအရ အမေရိကန်ဟာ ဟော်မုဇ်ရေလက်ကြားမှာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ပြန်ရဖို့အတွက် တခြားနိုင်ငံတွေနဲ့ နိုင်ငံတကာ မဟာမိတ်အဖွဲ့ ဖွဲ့စည်းဖို့ ကြိုးပမ်းနေပါတယ်။
ကမ္ဘာ့လောင်စာဆီ ထောက်ပံ့မှုတွေ ရေရှည် ပြတ်တောက်သွားမှာကို စိုးရိမ်တဲ့အတွက် ရေနံဈေးနှုန်းတွေဟာလည်း ၄ နှစ်ကျော်အတွင်း အမြင့်ဆုံးအထိ တက်သွားခဲ့ပါတယ်။
Source: Reuters










