DVB Logo
Home
နိုင်ငံတကာ
ထိုင်းတောမီးကြောင့် ဟက်တာ ၁ သန်းကျော်ရှိ တောရိုင်းတိရစ္ဆာန်ဂေဟနယ်မြေများ ပျက်စီး
DVB
·
May 6, 2026
Photo : The Nation Thailand
Photo : The Nation Thailand
Donate to DVB

ထိုင်းနိုင်ငံမှာ တောမီးလောင်ကျွမ်းမှုတွေကြောင့် ဟက်တာ ၁ သန်းကျော်လောက်ရှိတဲ့ တောရိုင်း တိရစ္ဆာန်တွေရဲ့ ဂေဟနယ်မြေတွေ ထိခိုက်ဆုံးရှုံးခဲ့ရတဲ့အကြောင်း The Nation Thailand သတင်းမှာ မေ ၄ ရက်က ဖော်ပြပါတယ်။

ဒါ့အပြင် အဆိုပါ တောမီးလောင်ကျွမ်းခဲ့တာကြောင့် သစ်တောတွေတင်မကဘဲ ဂေဟစနစ်၊ လူတွေရဲ့ လုပ်ကိုင်စားသောက်မှုနဲ့ ကျန်းမာရေးတွေအထိပါ ထိခိုက်လာနေသလို နောက်လာမယ့် တောမီးရာသီမှာ အခြေအနေတွေ ပိုဆိုးမလာခင် ခေတ်မီ စက်ပစ္စည်းကိရိယာတွေမှာ ရင်းနှီးမြှုပ်နှံ ဖို့ ထိုင်းအစိုးရကို တောင်းဆိုမှုတွေ တိုးလာနေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်း တောမီးတွေ ပြင်းထန်နေချိန်မှာ တိရစ္ဆာန်လေးတွေဟာ မီးခိုးတွေ၊ မီးတောက် တွေ ကြားကနေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပြီး ကျွမ်းကျင်သူတွေကတော့ တောမီး ပြဿနာကို ဖြေရှင်းဖို့၊ အထူးသဖြင့် ခေတ်မီနည်းပညာတွေကို အသုံးချပြီး အစိုးရအနေနဲ့ အခုထက်ပိုပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ဖို့ တိုက်တွန်းနေကြပါတယ်။

ထိုင်းနိုင်ငံ အသုံးချစီးပွားရေးသုတေသနဗဟိုဌာနရဲ့ ညွှန်ကြားရေးမှူး ဝစ်ဆနု အာ တာဗာနစ်က ၂၀၂၆ ခုနှစ်အတွင်း လောင်ကျွမ်းတဲ့ တောမီးဟာ ပျက်စီးဆုံးရှုံးမှု အပိုင်းမှာ အရင်နှစ်တွေကို ကျော်လွန်သွားပြီလို့ ပြောပါတယ်။ 

“လွန်ခဲ့တဲ့ နှစ်နှစ်က မီးလောင်တဲ့ဧရိယာဟာ ရိုင် ၁၉ ဒသမ ၅ သန်းလောက် ရှိခဲ့ပေမဲ့ အခု ၂၀၂၆ ရဲ့ ပထမပိုင်းလအနည်းငယ်အတွင်းမှာတင် ၂၀၂၄ ခုနှစ်က စံ ချိန်တွေကို ကျော်သွားခဲ့ပြီ။” 

ဒီတောမီးတွေဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းတင်မကဘဲ ပြည်သူ့ကျန်းမာရေး နဲ့ ရေရှည်ရာသီဥတု တည်ငြိမ်မှုအတွက်ပါ ခြိမ်းခြောက်မှု ဖြစ်လာနေတယ်လို့ သတင်းမှာ ဖော်ပြ ပါတယ်။

ထိုင်းအာကာသအေဂျင်စီရဲ့ အဆိုအရ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကနေ ၁၀ ရက်အတွင်းမှာတင် နိုင်ငံတဝန်းက မြေဧရိယာ ရိုင် ၆ ဒသမ ၇ သန်း (ဟက်တာ ၁ ဒသမ ၀၇ သန်းနီးပါး) မီးလောင် ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ 

ဂြိုဟ်တုအချက်အလက်တွေအရ နိုင်ငံအနှံ့မှာ တောမီးလောင်တဲ့နေရာ ၉၀,၀၀၀ ကျော် တွေ့ရှိရ ပြီး အများစုကတော့ ဘေးမဲ့တောတွေနဲ့ အမျိုးသားသစ်တော ကြိုးဝိုင်းတွေထဲမှာ ဖြစ်ပါတယ်။

ခုလို လောင်ကျွမ်းတဲ့ တောမီးဟာ ထိုင်းနိုင်ငံမှာ အသစ်အဆန်းမဟုတ်ဘဲ ပုံမှန်အားဖြင့် ဇန်နဝါရီလကစတဲ့ နွေရာသီမှာ ဖြစ်လေ့ရှိပြီး လေထုညစ်ညမ်းမှု အမြင့်ဆုံးရောက်တဲ့ မတ်လမှာ အခြေအနေတွေ ပိုဆိုးလာလေ့ရှိပြီး ဧပြီလမှာတော့ အပြင်းထန်ဆုံးအဆင့်ကို ရောက်သွားလေ့ ရှိတယ်လို့ ဆိုပါတယ်။

မီးလောင်မှု တိုးလာရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး သစ်ရွက်ခြောက်တွေနဲ့ တောတွင်း အမှိုက်တွေကို စနစ်တကျ မစီမံနိုင်တာဟာ တောမီးအတွက် လောင်စာဖြစ်စေတယ်လို့ ဝစ်ဆနုက ဆိုပါတယ်။ 

ဒါ့အပြင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု သိသိသာသာ လျော့နည်းသွားပြီး ပတ်ဝန်းကျင် ကို ပိုခြောက်သွေ့စေတာကြောင့်လည်း မီးကူးစက်ဖို့ ပိုလွယ်သွားစေတယ်လို့ သူက ထပ်ပြော ပါတယ်။

သဘာဝအကြောင်းရင်းတွေအပြင် လူတွေကြောင့်လည်း ပါဝင်ပြီး တချို့မီးတွေဟာ စိုက်ပျိုးရေး လုပ်ဖို၊ ဒါမှမဟုတ် သားငါးရှာဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ရှို့တာလို့ ယူဆရတဲ့အတွက် မီးငြှိမ်း သတ်ရ ပိုခက်ခဲစေတယ်လို့ ဆိုပါတယ်။

တောမီးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာ သစ်တောတွေတင်မကဘဲ ဇီဝမျိုးစုံမျိုးကွဲတွေ ဆုံးရှုံး စေသလို ဂေဟစနစ် ပြန်ကောင်းဖို့ နှစ်ပေါင်းများစွာ အချိန်ယူရမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် လေထုညစ်ညမ်းမှုကို ပိုဆိုးစေပြီး အထူးသဖြင့် ထိုင်းမြောက်ပိုင်းခရိုင်တွေမှာ PM2.5 ပမာဏ မြင့်တက်ကာ လူသန်းပေါင်းများစွာဟာ အန္တရာယ်ရှိတဲ့ မီးခိုးမြူတွေကြောင့် ကျန်းမာရေး ထိခိုက်နေရတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

သစ်တောတွေ ကျန်းမာနေမှသာ အစာရေစာရင်းမြစ်နဲ့ ရေနုတ်မြောင်းစနစ်တွေကိုကောင်းကောင်း ထောက်ပံ့ပေးနိုင်မှာဖြစ်လို့ အရေးကြီးတဲ့ ရေဝေ ရေလဲ ဧရိယာတွေအတွက် စိုးရိမ်ရတယ်လို့ ဝစ်ဆနုက ထောက်ပြပါတယ်။

“တောမီးက သစ်တောတွေကို ပြုန်းတီးစေတယ်၊ အထူးသဖြင့် ရေဝေရေလဲနေရာတွေမှာ ဖြစ်ပါတယ်။ သစ်ပင်တွေ မရှိရင် ရေကို မထိန်းထားနိုင်တော့တဲ့အတွက် မိုးရွာသွန်းမှုလည်း နည်းသွားမယ်။ ဒါကြောင့် မိုးလေဝသက မမှန်မကန် ဖြစ်လာမယ်။ အလားတူပဲ ဂေဟစနစ် ပျက်စီးသွားတဲ့အတွက် အစားအစာ ရရှိနိုင်တဲ့ ရင်းမြစ်တွေလည်း လျော့နည်းသွားနိုင်ပါတယ်။” 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013