
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလယ်သံကျော်စခန်းမှာ ကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို အမြန်ပြန်ပို့ဖို့ လုပ်နေတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မေလ ၂၃ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ခေါ်ယူတွေ့ဆုံပြီး ရှင်းလင်းပြောဆိုခဲ့တာလို့ သတင်းက ဆိုပါတယ်။
မြန်မာဘက်က မောင်တော်အနီး စက်လှေတစီးပေါ်မှာ တွေ့ရှိရတဲ့ လှေစီးဒုက္ခသည်တွေကို သက်ဆိုင်ရာက စိစစ်တွေ့ရှိချက်အရ သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ သူတို့ကို အမြန်ပြန်ခေါ်ဖို့ ပြောဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သံအမတ်ကလည်း သူ့နိုင်ငံ နိုင်ငံခြားရေးဌာနထံ စာနဲ့ မေတ္တာရပ်ခံပေးမယ်လို့ တုံ့ပြန်ပြောကြားခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။











