
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ စစ်ဘေးရှောင်တွေ အပါအဝင် အရပ်သား ၆ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ပျူစောထီးအဖွဲ့တွေက အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၈ ရက် ည ၈ နာရီက ရေကြည်မြို့နယ်၊ သက္ကယ်ပြင်ကျေးရွာမှာ နေထိုင်တဲ့ စစ်ဘေးရှောင် ၄ ယောက် အပါအဝင် အရပ်သား ၆ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ပျူစောထီးအဖွဲ့တွေက အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “စစ်အာဏာရှင်တပ်နဲ့ ပျူစောထီးအဖွဲ့တွေက ညဘက်မှာ နေအိမ်တွေအထိ လာရောက်ပြီး အင်အားသုံး ဖမ်းဆီးခေါ်ဆောင်သွားတာပါ” လို့ ပြောပါတယ်။
ပေါ်တာဆွဲခံရတဲ့ အရပ်သား ၆ ယောက်ဟာ ရခိုင်ပြည်နယ် ဂွမြို့နယ်ကနေ ရေကြည်မြို့နယ် သက္ကယ်ပြင်ကျေးရွာကို စစ်ဘေးရှောင်လာတဲ့ အမျိုးသား ၄ ယောက်နဲ့ ဒေသခံ အိမ်ရှင် အမျိုးသား ၂ ယောက် ဖြစ်တယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ပေါ်တာဆွဲခံရလို့ တောင်းတဲ့ငွေကို ပေးရင် လွတ်တယ်။ မဟုတ်ရင် စစ်မှုထမ်းဖို့ ရောင်းစားခံရတယ်။ စစ်မှုထမ်းတပ်ထဲ အထည့်ခံရတယ်” လို့ ပြောပါတယ်။
ရေကြည်မြို့နယ်မှာ စစ်မှုထမ်းစုဆောင်းရေးနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ပထမအပတ်ကစပြီး အရပ်သားတွေကို အဓမ္မဖမ်းဆီး ခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခံရမှာကို စိုးရိမ်တာကြောင့် အမျိုးသားတချို့ဟာ နေအိမ်တွေမှာ ပုံမှန်နေထိုင်ဖို့နဲ့ မိရိုးဖလာလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။











