ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းရှိ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဘူကာဗူးမြို့က စာသင်ကျောင်းမှာ စက်တင်ဘာ ၁၀ ရက်က မီးလောင်မှုဖြစ်ပွားခဲ့လို့ ကလေးတချို့ အပါအဝင် အနည်းဆုံး လူ ၂၀ ကျော် သေဆုံးသွားကြောင်း ဒေသခံတွေနဲ့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကလေးတွေ ကျောင်းစတက်ချိန်လောက်မှာပဲ ကျောင်းအနီးအနားမှာ မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ကျောင်းဆောင်နှစ်ခု လောင်ကျွမ်းသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ ချက်ချင်း မသိရသေးပါဘူး။
အခင်းဖြစ်ပွားရာနေရာက မျက်မြင်သက်သေ ပီယဲ မူဒါဟာမ ကတော့ သေဆုံးသူ ၂၀ ထက်မက ရှိနေပြီဖြစ်ပြီး လူနာတင်ယာဉ်တွေ ရောက်လာကာ ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို တင်ဆောင်သွားတယ်လို့ ပြောပါတယ်။
ဒေသတွင်း ကျန်းမာရေးစခန်းတခုက မီးလောင်မှုကြောင့် သေဆုံးသူ ၁၀ ယောက်ရဲ့ ရုပ်အလောင်းကို လက်ခံရရှိထားသလို တခြားဆေးရုံတရုံကလည်း ကျောင်းသား ၅၀ ကျော်ကို လက်ခံကုသပေးနေပြီး အဲဒီအထဲက ၁၄ ယောက် သေဆုံးသွားပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ဆေးခန်းတခုကိုလည်း ထိခိုက်ခံရသူ ၅၀ ဝန်းကျင် ရောက်ရှိလာခဲ့တာမှာ ဆေးခန်းမရောက်ခင် သေဆုံးသွားသူ ၈ ယောက်အပြင် ဒဏ်ရာရရှိသူ ၂၀ ထဲမှာ ၁၇ ယောက်က အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆေးခန်းမန်နေဂျာ ခရစ်စတော့ဖ် အန်ဆူလီက ပြောပါတယ်။
ဘူကာဗူးမြို့ကို လွန်ခဲ့တဲ့နှစ်က အရှေ့ပိုင်းကွန်ဂိုမှာ လျှပ်တပြက် ထိုးစစ်ဆင်ခဲ့ကတည်းက ရဝမ်ဒါကျောထောက်နောက်ခံပြု AFC/M23 သူပုန်တွေ ထိန်းချုပ်ထားတာပါေ
သူပုန်မဟာမိတ်အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး ကော်နဲလ် နန်းဂါး ကတော့ အတိအကျ ကိန်းဂဏန်း မသိရသေးပေမဲ့ သေဆုံးသူ ၁၀ ယောက်ဝန်းကျင်ရှိမယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
Source: Reuters











