
ထိုင်းအရှေ့တောင်ပိုင်း လယောင်းခရိုင်၊ နိခုမ်းဖတ်ထနားမြို့ထဲမှာ မတ် ၂၉ ရက်က မြန်မာလုပ်သားတွေ စီးလာတဲ့ကားတစီး လမ်းဆုံမှာ တခြားကားတစီးနဲ့ အရှိန်ပြင်းစွာ တိုက်မိတာကြောင့် လူ ၉ ယောက် ထိခိုက်ဒဏ်ရာရသွားပြီး အဲဒီထဲက ၃ ယောက် ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
နိခုမ်းဖတ်ထနားမြို့၊ နိခုမ်းဖတ်ထနားရပ်ကွက်၊ အမှတ် ၁၁ လမ်းမကြီး ၆ လမ်းထဲမှာ မနေ့မနက်က ယာဉ်တိုက်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ များတယ်လို့ သတင်းရတဲ့အတွက် နယ်မြေခံရဲစခန်းကိုပါ အကြောင်းကြားကာ အရေးပေါ် လူနာတင်ကားနဲ့အတူ သွားရောက်ကူညီကယ်ဆယ်ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၉ ယောက်ရှိပြီး ရှေးဦးသူနာပြုစုပေးကာ နိခုမ်းဖတ်ထနား ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်၊ အဲဒီထဲက ဒဏ်ရာပြင်းထန်သူ ၃ ယောက် ရှိပြီး အားလုံး မြန်မာလုပ်သားတွေလို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ ဒီမတိုင်ခင် မြန်မာအလုပ်သမား ၇ ယောက် စီးလာတဲ့ ဟိုင်းလပ်စ်ကားက လုပ်ငန်းခွင်သွားဖို့ ထွက်ခွာလာတယ်၊ လမ်းဆုံနားရောက်တော့ ရှေ့မျက်နှာချင်းဆိုင်ကနေ မောင်းလာတဲ့ ဟိုင်းလပ်စ်ကားနဲ့ အရှိန်ပြင်းစွာ ဝင်တိုက်မိတယ်၊ မြန်မာလုပ်သားတွေပါတဲ့ ကားဘက်က ဒဏ်ရာရသူ ၆ ယောက်၊ ယာဉ်တိုက်ဘက်ဖြစ်တဲ့ ကားဘက်က ၃ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ သက်ဆိုင်ရာက ဆက်လက်စုံစမ်း စစ်ဆေးနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source/Photo: Khaosod News








